အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အရက်သေစာသောက်စားသူများ ဆက်လက်ဖမ်းဆီး

အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အရက်သေစာသောက်စားသူများ ဆက်လက်ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာလ ၂၄ ။         ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဝိုင်းဖွဲ့ပြီး အရက်သေစာ သောက်စားသူများကို ရန်ကုန်အက်ဥပဒေဖြင့် ဆက်လက်ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။ယခုလကစတင်ပြီး အရေးယူနေခြင်းလည်းဖြစ်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အနောက်ပိုင်းခရိုင်၊လှိုင်မြို့နယ်နှင့် ဗဟန်းမြို့နယ်များ အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အရက်သေစား ဝိုင်းဖွဲ့သောက်စားသူများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့က ရန်ကုန်ရဲအက် ၄၁(၁၆) နဲ့ ဖမ်းဆီးတာပေါ့။ ပြစ်ဒဏ်ကိုကျတော့ တရားရုံးက ချတာပါ။ ဒဏ်ငွေကျပ် ၅ဝ နဲ့ ထောင် ရ ရက်၊ ၈ ရက် စသဖြင့်ပေါ့။ သူတို့ကို သတ်မှတ်ချက်အတိုင်းပဲ သက်ဆိုင်ရာ တရားရုံးက အမိန့်ချတာပါ”ဟု လှိုင်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အများပြည်သူနှင့်သက်ဆိုင်သော လူစည်ကားရာ ပန်းခြံများ၊ လမ်းဆုံလမ်း ခွများ၊ တံတားများနှင့် လူသွားစင်္ကြန်များပေါ်များတွင် ဝိုင်းဖွဲ့ပြီး အရက်သေစာသောက်စားမူးယစ်သူများကို အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၉ ရက်နေ့ထိ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ပေး ခဲ့သည်။

အသိပညာပေးလုပ်ငန်း တစ်လပြည့်သည့် အောက်တိုဘာလ ၃ဝ ရက်နေ့မှ စတင်ပြီး မြို့နယ်အလိုက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ အရက်သေစာသောက်စားမူးယစ်သူများကို ဖမ်းဆီးကာ ရန်ကုန်အက်ဥပဒေ - ၄၁(၁၆) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required