အာဆင်နယ်နည်းပြနေရာ ဆက်ခံမည့်သူကို အာစင်ဝင်းဂါးရွေးချယ်ထား

အာဆင်နယ်နည်းပြနေရာ ဆက်ခံမည့်သူကို အာစင်ဝင်းဂါးရွေးချယ်ထား

နိုဝင်ဘာ ၂၄၊ လန်ဒန်။          ။ အာဆင်နယ်နည်းပြအာစင်ဝင်းဂါးသည် မိမိနေရာဆက်ခံနိုင်ချေရှိသူအဖြစ် ဖီယင်နုနည်းပြ ဗန်ဘရွန်ခရော့စ်ကို ရွေးချယ်ထား သည်ဟု Dailystar သတင်းတွင်ဖော်ပြထားသည်။

အသက် ၆၈ နှစ်အရွယ်ပြင်သစ်လူမျိုးအာစင်ဝင်းဂါးသည် အာဆင်နယ်နှင့် လက်ရှိရာသီအပြင် နောက်ရာသီအထိ စာချုပ်သက်တမ်းကျန်နေသေးသည်။

၎င်း၏နေရာကိုဆက်ခံမည့်သူရှာဖွေရမည့်တာဝန်မှာ အာဆင်နယ်ဘုတ်အဖွဲ့အတွက်ကြီးမားသောတာဝန်ပင်ဖြစ်သည်။ အကယ်၍ လာမည့်ရာသီကုန်တွင် အာစင်ဝင်းဂါးထွက်ခွာရန်ဆုံးဖြတ်ခဲ့ပါက ၂၃ နှစ်နီးပါးကြာမြင့်စွာကိုင်တွယ်ခဲ့သည့် အသင်းကိုစွန့်ခွာခြင်း ဖြစ်သည်။

ဝင်းဂါးအနေဖြင့် အသက် ၄၂ နှစ်အရွယ် ဗန်ဘရွန်ခရော့စ်ကို ဆက်ခံသူအဖြစ် ဘုန်းမောက်နည်းပြ အသက် ၃၉ နှစ်အရွယ် အက်ဒီဟိုဝီနှင့်အတူ ရွေးထားသည်ဟု Dailystar က ဖော်ပြခဲ့သည်။

နယ်သာလန်ကွင်းလယ်ကစားသမားဟောင်းဗန်ဘရွန်ခရော့စ်သည် အာဆင်နယ်တွင်အာစင်ဝင်းဂါး၏လက်အောက်၌ နှစ်နှစ်ကြာ ကစားဖူးပြီး ၂၀၀၂ ပရီးမီးယားလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ကို ရရှိခဲ့သည်။ ယင်းနောက် ဘာစီလိုနာသို့ပြောင်းရွှေ့သွားပြီး အောင်မြင်သည့်ကစားသမားဘဝကိုရရှိခဲ့သည်။

နယ်သာလန်၊ ရိန်ဂျား၊ အာဆင်နယ်၊ ဘာစီလိုနာတို့တွင် ဝင်းဂါး၊ ဟစ်ဒင့်၊ အတ်ဒဗိုကတ်၊ ရစ်ကတ်တို့၏လက်အောက်တွင် ကစားခဲ့ဖူးရာ ဘောလုံးနှင့်ပတ်သက်သည့်လေ့လာမှုအရည်အချင်းမှာ အထင်ကြီးစရာပင်ဖြစ်သည်။

၂၀၁၅ မတ်တွင် ဖီယင်နုနည်းပြဖြစ်လာခဲ့ပြီး ရာသီအပြည့်ကိုင်တွယ်ခွင့်ရခဲ့သည့်နှစ်တွင် KNVB Cup ရယူနိုင်ခဲ့သည်။ ဒုတိယရာသီတွင် ၁၈ နှစ်ကြာဝေးကွာနေသည့် အမှတ်ပေးဖလားကိုရယူနိုင်ခဲ့သည်။

Ref; Dailystar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required