အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှု ရှင်သန်သူမရှိ လိုက်ပါသွားသူ ၅၄ဦးစလုံး၏ အလောင်းများကို ပျက်ကျရာနေရာတွင် တွေ့ရှိ

အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှု ရှင်သန်သူမရှိ လိုက်ပါသွားသူ ၅၄ဦးစလုံး၏ အလောင်းများကို ပျက်ကျရာနေရာတွင် တွေ့ရှိ

ဂျာယာပူရ၊ သြဂုတ် ၁၉ ။          ။ လူ ၅၄ဦးနှင့် အတူ ငွေကြေးအမြောက်အမြား သယ်ဆောင်သွားခဲ့သည့် လေယာဉ်ပျက်ကျခဲ့သည့် ဝေးလံခေါင်သီသော အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ ပျက်ကျရာနေရာသို့ ကယ်ဆယ်ရေးသမားများ သြဂုတ် ၁၈ ကရောက်ရှိခဲ့ပြီး လေယာဉ်မှာ လုံးဝပျက်စီးနေသည်ကို တွေ့ရှိရသည်ဟု ရှာဖွေကယ်ဆယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ပါပူအာပြည်နယ်ရှိ လေယာဉ်ပျက်ကျရာနေရာသို့ ကယ်ဆယ်ရေးသမားများ နံနက် ၉နာရီခွဲက ရောက်ရှိကာ လေယာဉ်မှာ လုံးဝပျက်စီးနေသည်ကိုတွေ့ရကြောင်း အင်ဒိုနီးရှားရှာဖွေ ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ ဘမ်ဘန်ဆိုလစ္စတီယိုက ပြောသည်။ ထို့အပြင်လေယာဉ်၏ အစိတ်အပိုင်းတွင် မီးလောင်ထားသည်ကို တွေ့ရသည့်အပြင် အပိုင်းအစအချို့တွင်လည်း မီးလောင်ရာများကို တွေ့ရသည်ဟု ဆိုသည်။

ပျက်ကျရာနေရာတွင် လေယာဉ်ပေါ်လိုက်ပါခဲ့သူ ၅၄ဦးစလုံး၏ အလောင်းများကို တွေ့ရသည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက ပြောသည်။ " ရှင်သန်သူမရှိပါဘူး။ ပျက်ကျရာနေရာမှာ ၅၄ဦးစလုံးရဲ့ အလောင်းတွေကိုတွေ့ထားပါတယ် "ဟု ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနပြောခွင့်ရပုဂ္ဂိုလ် ဂျေအေဘာရာတာက အေအက်ဖ်ပီသို့ ပြောသည်။ ရာသီဥတုဆိုးဝါးနေ၍ မရွှေ့နိုင်သေးဟုလည်း ၎င်းကဆိုသည်။

ပျက်ကျခဲ့သည့် လေယာဉ်မှာ အင်ဒိုနီးရှားလေကြောင်းလိုင်း Trigana Air မှ ATR 42-300 အမျိုးအစားလေယာဉ်ဖြစ်ပြီး ရာသီဥတုဆိုးနေစဉ် ပါပူအာပြည်နယ်မြို့တော် ဂျာယာပူရမှတောင်ဘက် ရှိတောင်ထူ ထပ်ရာ အော့က်ဆီဘီလ်သို့ ပျံသန်းစဉ် သြဂုတ် ၁၆က အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၄၉ဦး၊ လေယာဉ်အမှုထမ်း ငါးဦးအပြင် ဆင်းရဲသားမိသားစုများအတွက် လူမှုရေးထောက်ပံ့မှုအဖြစ် ငွေသား ရူပီးယား ၆ဒသမ၅ဘီလျံ( အမေရိကန်ဒေါ်လာ ၄၇၀,၀၀၀ )ပါ သယ်ဆောင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required