‘မွန်ဂိုလီးယားအသင်းနှင့် ခြေစမ်းပွဲက ဗီယက်နမ်မှာ ကစားမယ့် ဖိတ်ခေါ်ပွဲအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု တစ်ခုဖြစ်မှာပါ’ - ဦးကြည်လွင်

‘မွန်ဂိုလီးယားအသင်းနှင့် ခြေစမ်းပွဲက ဗီယက်နမ်မှာ ကစားမယ့် ဖိတ်ခေါ်ပွဲအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု တစ်ခုဖြစ်မှာပါ’ - ဦးကြည်လွင်
(ဓာတ်ပုံ - MFF)

မြန်မာ ယူ-၂၁ အသင်းနည်းပြချုပ် ဦးကြည်လွင်က ယနေ့ ယှဉ်ပြိုင်ကစားမယ့် မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲမှာ အသင်းအတွက် ဗီယက်နမ်မှာ ကစားမယ့် ဖိတ်ခေါ်ပွဲအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု တစ်ခုဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မွန်ဂိုလီးယားအသင်းဟာ ပထမဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၂၄ ရက်၊ ညနေ ၆ နာရီမှာ မြန်မာ ယူ-၂၁ အသင်းနှင့် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲများကစားမယ့် မြန်မာယူ-၂၁ အသင်းနှင့် မြန်မာယူ-၂၃ အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်များအတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်နေ့က သုဝဏ္ဏကွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဦးကြည်လွင်က “မွန်ဂိုလီးယားအသင်းနဲ့ ပွဲစဉ်ကနေ ကျနော်တို့ အတွက် အတွေ့အကြံုတွေ အပြင် အသင်းအတွက် ပြင်ဆင်စရာတွေကိုလည်း တွေ့ရမှာပါ။ ဒီပွဲတစ်ပွဲတည်းနဲ့ မလုံလောက်ဘူးဆိုပေမဲ့ ဗီယက်နမ်မှာ ကစားမယ့် ဖိတ်ခေါ်ပွဲအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု တစ်ခုဖြစ်မှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

မွန်ဂိုလီးယားအသင်းဟာ မြန်မာလူငယ်အသင်းများနှင့် ခြေစမ်းပွဲကစားရန် နိုဝင်ဘာ ၂၂ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

“ပထမဆုံးအနေနဲ့ မြန်မာအသင်းတွေနဲ့ ခြေစမ်းပွဲကစားခွင့်ရလို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲကနေ အတွေ့အကြံုတွေ၊ အကျိုးအမြတ်တွေရပြီး ကစားကွက်တွေ ဖလှယ်နိုင်ပါလိမ့်မယ်။ မြန်မာအသင်းနဲ့ ကစားမယ့် ပွဲစဉ်နှစ်ပွဲစလုံးက ပွဲကောင်းတွေဖြစ်လာမှာပါ။ ကျနော်အနေနဲ့ မြန်မာအသင်းနဲ့ ဖိလစ်ပိုင် အသင်းကို တာဝန်ယူတုန်းက ကစားခဲ့ဖူးပါတယ်။ ကျနော်တို့ရဲ့ အဓိက အခက်အခဲက ရာသီဥတုနဲ့ အပူချိန်ကွာခြားမှုပါ။ ဒီခြေစမ်းပွဲတွေက အင်ဒိုနီးရှားနိုင်ငံမှာ ကစားမယ့် ချာရတီပြိုင်ပွဲအတွက် ပြင်ဆင်တဲ့ အနေနဲ့ ကစားတာပါ။”လို့ မိုက်ကယ်ဝိုက်က ပြောဆိုခဲ့ပါတယ်။

မွန်ဂိုလီးယားအသင်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် ချာရတီပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေဖြင့် လာရောက်ကစားတာဖြစ်ပြီး ဖိလစ်ပိုင်လက်ရွေးစင် အသင်းနည်းပြဟောင်း ဂျာမနီနိုင်ငံသား မိုက်ကယ်ဝိုက်က ကိုင်တွယ်နေတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် မြန်မာယူ-၂၃ အသင်းတို့ နောက်ထပ် ခြေစမ်းပွဲတစ်ပွဲရှိပါတယ်။

 မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း နည်းပြချုပ် ဂတ်ဆီဇီကလည်း “ဒီခြေစမ်းပွဲက ထိုင်းနိုင်ငံမှာ သွားကစားရမယ့် M150 Cup ပြိုင်ပွဲအတွက် ပြင်ဆင်မှုအနေနဲ့ ယှဉ်ပြိုင်ကစားတာပါ။ မွန်ဂိုလီးယားအသင်းက အာဆီယံဒေသတွင်း အသင်းမဟုတ်တာကြောင့် ကွဲပြားတဲ့ ကစားပုံတွေကို တွေ့မြင်ရမှာပါ။ ဒီကနေ ကျနော်တို့ အတွေ့အကြံု ကောင်းတွေ ရရှိပါလိမ့်မယ်။ ဒါ့ကြောင့် မွန်ဂိုလီးယားနဲ့ ကျနော်တို့ကြားက ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကွာခြားမှုက အရေးမကြီးပါဘူး။ ဒီပွဲမှာ ကစားသမားတွေ ဘယ်လောက် လုပ်ပြနိုင်မယ်ဆိုတာကို စောင့်ကြည့်သွားပါမယ်။”လို့ ပြောဆိုသွားပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required