မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား ဒုက္ခသည်နေရပ်ပြန်ပို့ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးနိုင်ခဲ့မှု အိန္ဒိယ ကြိုဆို

မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား ဒုက္ခသည်နေရပ်ပြန်ပို့ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးနိုင်ခဲ့မှု အိန္ဒိယ ကြိုဆို
ဓာတ်ပုံ-Myanmar State Counsellor Office

နိုဝင်ဘာ ၂၃ ။         ။ ဘင်္ဂါလီ ဒုက္ခသည် နေရပ်ပြန်ပို့ရေးလုပ်ငန်းကို စတင်နိုင်မယ့် နားလည်မှုစာချွန်လွှာ MoU တစ်ရပ် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့အကြား လက်မှတ်ရေးထိုးနိုင်ခဲ့မှုအပေါ် အိန္ဒိယအစိုးရက နိုဝင်ဘာ ၂၃ ရက်မှာ ကြိုဆိုလိုက်ပါတယ်။

" အဆိုပါ MoU က အဓိကကျတဲ့ အတားအဆီး ဖြတ်ကျော်နိုင်မှု တစ်ခု ဖြစ်ပါတယ်" ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေးရာ ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မဇျ္စိမကို ပြောပါတယ်။

" ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အနေနဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုကနေတဆင့် ဒီ ပြဿနာကို ဖြေရှင်းသွားနိုင်တယ်ဆိုတာ မြင်နိုင်ပါတယ်၊ နှစ်နိုင်ငံစလုံးက ရင်းနှီးချစ်ကြည်တဲ့ အိမ်နီးချင်းနိုင်ငံတွေပါ၊ ဖြေရှင်းချက်တစ်ခုရဖို့ သူတို့ရဲ့ အားထုတ်မှုတွေကို ကျွန်တော်တို့ ထောက်ခံပါတယ်" ဆိုပြီး အမည်မဖော်လိုသူ အဆိုပါ အရာရှိကြီးက ပြောပါတယ်။

ဘင်္ဂါလီ ဒုက္ခသည်ထောင်ပေါင်းများစွာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးသွားစေခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောကြားထားခဲ့မှုဟာဆိုရင် အပြုသဘောဆောင်ပြီး အားတက်ရပါတယ်ဆိုပြီး အိန္ဒိယဘက်က အစောပိုင်းကတည်းက ကြိုဆိုထောက်ခံထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတော် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် " ဒါက တကယ့်ကို အားရစရာ ကောင်းတဲ့ မိန့်ခွန်းတစ်ရပ်ပါ၊ အရမ်းအပြုသဘောဆောင်တဲ့ သတင်းစကားတွေ ပါးလိုက်ခြင်းဖြစ်ပါတယ်" ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vikram Misri က မဇျ္စိမကို ပြောကြားထားခဲ့ပါတယ်။

" မြန်မာမှာ ကြံုတွေ့နေရတဲ့ ဒီ ရှုပ်ထွေးလှတဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေအပေါ် ကျွန်တော်တို့ အားလုံး အလေးထားပေးသင့်တယ်လို့ ထင်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

" ပြီးခဲ့တဲ့ ရက်ပိုင်းကာလတွေအတွင်း ရခိုင် ပြည်နယ်ကနေ ပေါ်ပေါက်လာတဲ့ ပြဿနာက မြန်မာပြည်သူတွေကို စိုးရိမ်ပူပန်စေရုံသာမကဘဲ ကျွန်တော်တို့အပါအဝင် အိမ်နီးချင်းတွေကိုပါ ပူပန်စေခဲ့ရပါတယ်" ဆိုပြီး Misri က ပြောခဲ့ပါတယ်။

ရခိုင်အရေးပြဿနာအတွက် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာရာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို အိန္ဒိယဘက်က ထောက်ခံကူညီလိုကြောင်း အိန္ဒိယ ပြည်ပထောက်လှမ်းရေး R&AW က အကြီးအကဲဟောင်းတစ်ဦးက မကြာသေးခင်ကာလတုန်းက ကိုးလ်ကတ္တားအခြေစိုက် think tank အဖွဲ့ ISCS က စီစဉ်တဲ့ India-Myanmar seminar တစ်ခုမှာ ပြောခဲ့ပါသေးတယ်။

ယင်းအပြင် ARSA အဖွဲ့ကို လက်နက်တပ်ဆင်ပေးပြီး ခိုင်းစေခဲ့မှုနဲ့ပတ်သက်လို့ ပါကစ္စတန်ရဲ့ ISI စစ်ထောက်လှမ်းရေးအေဂျင်စီကိုလည်း ၎င်းက ပြစ်တင်သွားပါသေးတယ်။  " ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား မဟာဗျူဟာကျ ဒီ နယ်ခြားနေရာကို မတည်မငြိမ်ဖြစ်စေချင်ကြသူတွေကို ပျက်ပျားသွားအောင်လို့ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတစ်ရပ် လိုပါတယ်" ဆိုပြီး ၎င်းက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီကလည်း စက်တင်ဘာလတုန်းက နေပြည်တော်ကို ရောက်ရှိစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ တွေ့ဆုံရာမှာ ၎င်းတို့အိန္ဒိယအနေနဲ့ ရခိုင်အရေးကိစ္စအပေါ် စိုးရိမ်ပူပန်မိတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် အိန္ဒိယတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဆီကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

ယခု ပြဿနာအပေါ် စိုးရိမ်ပူပန်ရမှုကို မတူညီတဲ့ လူမှုအလွှာအမျိုးမျိုးမှာ ဝေမျှထားပါကြောင်း အိန္ဒိယ သံအမတ်ကြီး Misri က မီဒီယာမှတ်ချက်ပြုပြောဆိုရာမှာ ထည့်သွင်းပြောဆိုထားပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လုံခြံုရေးဆောင်ရွက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုရန်ကနေ ခုခံကာကွယ်နိုင်ခွင့် ရှိတယ်ဆိုတာကို အိန္ဒိယအနေနဲ့ အသိအမှတ်ပြုထားပေမယ့်လည်း တစ်ဘက်မှာလည်း အပြစ်မဲ့ ပြည်သူအရပ်သားတွေ အကြမ်းဖက်ခံရမယ့် ဘေးကနေ ကာကွယ်ပေးဖို့ အရေးကြီးကြောင်း ၎င်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required