ဒုက္ခသည် နေရပ်ပြန်ပို့ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ထိုး

ဒုက္ခသည် နေရပ်ပြန်ပို့ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ထိုး

နို၀င်ဘာ ၂၃ ။         ။ ဒုက္ခသည် နေရပ်ပြန်ပို့ရေးကိစ္စနဲ့ပတ်သက်လို့ သဘောတူစာချုပ်တစ်ရပ်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ နိုဝင်ဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခု သဘောတူညီချက်မှာတော့ ဒုက္ခသည် နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်လို့ နောက်ဆုံး အပြီးသတ်လုပ်ဆောင်ရမယ့် အချိန်ကာလသတ်မှတ်ချက်တစ်ခု မပါ၀င်လာခဲ့ပေမယ့်လည်း ဘင်္ဂါလီဒုက္ခသည်တွေအနေနဲ့ လာမယ့် နှစ်လအတွင်း မြန်မာနိုင်ငံဆီ စတင်ပြန်လာနိုင်တော့မယ်လို့ အများက မျှော်လင့်တွက်ဆနေလျက်ရှိပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali တို့အကြား တွေ့ဆုံဆွေးနွေးအပြီး နှစ်နိုင်ငံအကြား ယခု သဘောတူညီချက်ကို ရရှိခဲ့ကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ တို့က ယခုစာချုပ်ကို လက်မှတ်ရေးထိုးကြပါတယ်။ ၎င်းတို့ဟာ ၁၉၉၈ နယ်နမိတ် သဘောတူညီချက်စာချုပ်ကို အပြန်အလှန် ဖလှယ်ကြပါတယ်။ ဘင်္ဂါလီ နေရပ်ပြန်ပို့ရေးကိစ္စ သဘောတူညီချက် ရပြီးနောက် လက်မှတ်ထိုးခြင်းနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး Mahmood Ali က ထုတ်ဖော်ရှင်းလင်းပြောဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Mahmood Ali နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကတော့ မြန်မာစံတော်ချိန် မနက် ၁၀ နာရီ မှာ စတင်ပြီး စုစုပေါင်း ကြာမြင့်ချိန် ၄၅ မိနစ်ရှိခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်နောက်ပိုင်း ဘင်္ဂါလီ ၆၂၂,၀၀၀ ကျော် နယ်စပ်ကို ဖြတ်ပြီး ကော့ဇ်ဘဇားနယ်ထဲမှာ သွားရောက်ခိုလှုံ နေခဲ့ကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ဒုက္ခသည်တွေ အလုံးအရင်း ၀င်ရောက်မှုကို ရည်ညွှန်းပြီး ၀န်ကြီးချုပ် ရှိတ်ဟာစီနာက နိုဝင်ဘာ  ၂၃ ရက်က ဒါကာမြို့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ရာမှာ အဆိုပါ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ယင်းအတွက်ကြောင့် ၎င်းတို့ကို မကြာမီ ပြန်လည်စတင်ခေါ်ဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိကြီးတွေကတော့ ယမန်နေ့ နို၀င်ဘာ ၂၂ ရက်ကတည်းက မြန်မာနိုင်ငံမှာ ရှိနေခဲ့ပြီး ဘင်္ဂါလီတွေ ပြန်ပို့ရေးကိစ္စ အပြီးသတ်နိုင်ရေးအတွက် အချိန်သတ်မှတ်ချက်တစ်ခု   ပြဌာန်းသတ်မှတ်ရေးကိစ္စ တင်ပြဆွေးနွေးခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည် စိစစ်လက်ခံရေးကိစ္စမှာ ကုလအေဂျင်စီတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပါ၀င်လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ် ဘက်က ကြိုးပမ်းခဲ့ပါတယ်။

အဆိုပါ ဒုက္ခသည် နေရပ်ပြန်ပို့ရေး အချိန်ကာလသတ်မှတ်ချက် ရဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ မျှော်လင့်ချက်ကတော့ မြန်မာဘက်နဲ့ မကိုက်ညီခဲ့ပါဘူး။ မြန်မာအစိုးရအနေနဲ့ ယင်းဒုက္ခသည် ပြန်ပို့ရေး လုပ်ငန်းစဉ် စတင်မယ့်အချိန်ကာလနဲ့ ပတ်သက်လို့ပဲ သဘောတူခဲ့ပြီး လုပ်ငန်းစဉ်ကို ဘယ်အချိန်အပြီးသတ်လုပ်ဆောင်မယ်ဆိုတဲ့ နောက်ဆုံး ရက်သတ်မှတ်ချက်နဲ့ပတ်သက်လို့ သဘောတူညီခဲ့ခြင်းမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်သံတမန်တစ်ဦးက ပြောပါတယ်။

" အချက်အလက်တော်တော်များများနဲ့ပတ်သက်လို့ ကျွန်တော်တို့ သဘောတူညီခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဘက်က မျှော်မှန်းထားတဲ့အတိုင်း အပြည့်အဝတော့ မရခဲ့ပါဘူး" ဆိုပြီး အမည်မဖော်လိုသူ အဆိုပါ သံအရာရှိကြီးက ပြောပါတယ်။ ယခု သဘောတူညီချက်ရပြီး လာမယ့် နှစ်လအတွင်း ဒုက္ခသည် နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို စတင်ဖို့ မြန်မာဘက်က ဆန္ဒရှိနေကြောင်း အခြားသံတမန်တစ်ဦး ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်တော့ ဘင်္ဂါလီ ပြန်ပို့ရေးကိစ္စကို တစ်နှစ်အတွင်း အပြီးသတ်လုပ်ဆောင်ချင်နေလျက်ရှိပေမယ့် မြန်မာဘက်ကတော့ ယင်း ကိစ္စအပြီးအပြတ်လုပ်ဆောင်မယ့် အချိန်ကာလသတ်မှတ်ချက် မပေးခဲ့ဘူးလို့ ၎င်းက ပြောပါတယ်။ ဒုက္ခသည် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ ကုလအေဂျင်စီတွေ ပါ၀င်ဖို့ ကိစ္စနဲ့ပတ်သက်လို့ မြန်မာအနေနဲ့ ယင်းရဲ့ ရပ်တည်ချက်ကို ပျော့ပျောင်းလိုက်ပုံရတယ်ဆိုပြီး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ဘင်္ဂါလီတွေအားလုံးကို ပြန်ပို့ရေးကိစ္စ စတင်ဖို့အတွက် နိုင်ငံခြားရေးအတွင်းဝန်လယ်ဗယ် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ကိုတော့ နှစ်နိုင်ငံအကြား သဘောတူခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali တို့နှစ်ဦးစလုံးကလည်း ဒုက္ခသည် နေရပ်ပြန်ရေးကိစ္စ စတင်နိုင်မယ့် MoU ထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်က ထုတ်ဖော်ထားခဲ့ကြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယင်းကိစ္စနဲ့ပတ်သက်လို့ အစည်းအဝေး ဆက်တိုက်လုပ်ခဲ့ရပြီး ဘင်္ဂါလီကိစ္စအပါအဝင် နှစ်နိုင်ငံအကျိုး ဆိုင်ရာ မတူညီတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ယင်းနောက်မှာတော့ ရခိုင်ပြည်နယ်က ဒုက္ခသည်များ ပြန်နိုင်ရေး စီစဉ်မှုဆိုင်ရာ ၀န်ကြီးအဆင့်အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပါတယ်။

အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် Md Shahidul Haque တို့က ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူကျင်းပခဲ့ကြပါတယ်။ နိုဝင်ဘာ ၂၂ ရက် အစည်းအဝေး ပြီးချိန်မှာ နေပြည်တော် ရွှေစံအိမ် ဟိုတယ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ညစာတည်ခင်းခဲ့ပါတယ်။ မနက်ပိုင်းအစောပိုင်းမှာတော့ ရခိုင်ဒေသအတွက် အသုံးပြုဖို့ လူနာတင်ယာဉ်တစ်စီး ဘင်္ဂလားဒေ့ရှ်က မြန်မာ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly