ဟံသာဝတီမှ မြန်မာ့လက်ရွေးစင်တောင်ပံကစားသမား မောင်မောင်လွင်ကို ရန်ကုန်အသင်းခေါ်ယူ

ဟံသာဝတီမှ မြန်မာ့လက်ရွေးစင်တောင်ပံကစားသမား မောင်မောင်လွင်ကို ရန်ကုန်အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဟံသာဝတီအသင်းမှ မြန်မာ့လက်ရွေးစင်တောင်ပံကစားသမား မောင်မောင်လွင်ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ ဟံသာဝတီအသင်းနဲ့စာချုပ်သက်တမ်းတိုးမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးတော့ ရန်ကုန်အသင်းဆီ ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ရန်ကုန်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်မှာတော့ မောင်မောင်လွင်က ရန်ကုန်အသင်းမှာ ကစားဖို့ အိပ်မက်တွေရှိခဲ့ကြောင်း၊ အခုဒီအသင်းကို ပြောင်းနို်င်ခဲ့လို့ ဂုဏ်ယူကြောင်းနဲ့ ရန်ကုန်အသင်းအတွက် အောင်မြင်မှုတွေရယူပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒါ့အပြင် မောင်မောင်လွင်က သူ့ကို ယုံကြည်စွာခေါ်ယူခဲ့တဲ့ ရန်ကုန်အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မောင်မောင်လွင်ဟာ ၂၀၁၃ ခုနှစ်ကစတင်ပြီး ဟံသာဝတီအသင်းမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ ယူ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ယူ-၁၉ အသင်းရဲ့အသင်းသားတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနဲ့ ယူ-၂၃ အသင်းတွေမှာ ပုံမှန်ရွေးချယ်ခံနေရသူ ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘာဆုဖလားမှ မရခဲ့လို့ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ အသေအချာ ပြုလုပ်လျက်ရှိနေပါတယ်။ ပထမဆုံးအနေနဲ့ ချင်းအသင်းက မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဆောင်လမန်ကို ခေါ်ယူခဲ့ပြီး အခု မောင်မောင်လွင်ကို ထပ်မံခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

လတ်ဗီးယားကလပ်မှာ ကစားနေတဲ့ မြန်မာပြည်ဖွား ကွင်းလယ်ကစားသမား ကလာဟဲကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ပျက်ပြယ်ခဲ့ရပါတယ်။ ရန်ကုန်အသင်းဟာ လာမယ့်နှစ်မှာ AFC Cup ၀င်ခွင့်ရထားတာကြောင့် ကစားသမားသစ်တွေထပ်မံခေါ်ယူဦးမယ့်အနေအထားမှာလည်း ရှိနေပါသေးတယ် ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required