ပထမပိုင်းကစားပုံအရ ဘေဆယ်ကို အနိုင်ရမည်ဟုထင်ခဲ့ကြောင်း မော်ရင်ဟိုဆို

ပထမပိုင်းကစားပုံအရ ဘေဆယ်ကို အနိုင်ရမည်ဟုထင်ခဲ့ကြောင်း မော်ရင်ဟိုဆို

 

နိုဝင်ဘာ ၂၃၊ မန်ချက်စတာ။                                ။ ဘေဆယ်နှင့်ပွဲတွင် ပထမပိုင်း၌ မန်ချက်စတာယူနိုက်တက်အသင်း လွန်စွာလွှမ်းမိုးကစားနိုင်ခဲ့ပြီး အနိုင်မရစရာအကြောင်းမရှိဟု ထင်မြင်ခဲ့ကြောင်း မော်ရင်ဟိုကဆိုခဲ့ပြီး မထင်မှတ်ဘဲရှုံးခဲ့ရသော်လည်း အခြေအနေကောင်းသည့်နေရာတွင်ရှိနေသေးကြောင်း ပြောသည်။

ဆွစ်ဇာလန်ကလပ်သည် ပွဲချိန် ၈၉ မိနစ်တွင် မိုက်ကယ်လန်းသွင်းယူသည့်ဂိုးမတိုင်မီ ယူနိုက်တက်၏ဖိအားပေးမှုကိုရင်ဆိုင်ခဲ့ရ သည်။ ယူနိုက်တက်မှာ အုပ်စုအဆင့်မှသေချာပေါက်တက်ရောက်နိုင်ရန်   နောက်ထပ်တစ်မှတ်လိုနေသေးသည်။

မော်ရင်ဟိုက “ပထမပိုင်းမှာ ငါးဂိုးလောက်ရသင့်တာကိုမရလို့ ရှုံးခဲ့တာပါ။ မရှုံးလောက်ဘူးထင်ရလောက်အောင် အလွယ်တကူ အသာစီးကစားနေချိန်မှာ တစ်ဂိုးတောင်မသွင်းနိုင်ခဲ့ဘူးလေ။

အခွင့်အရေးတွေလွဲနေလည်း အခြေအနေကဒီအတိုင်းပဲမပြောင်းမလဲရှိနေလို့ ဒုတိယပိုင်းမှာလည်း ဂိုးမရှိသရေပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဂိုးရသွားတယ်။

စီအက်စ်ကေအေနဲ့ပွဲမှာ ကျွန်တော်တို့ဘယ်လိုရလဒ်ထွက်ဖို့လိုသလဲဆိုတော့ အနိုင်ရဖို့မလိုဘူးလေ။ သရေကျဖို့တောင် တွေးမထားဘူး။ ကျွန်တော်တို့ ဂိုးအရေအတွက်တစ်ခုခုနဲ့ရှုံးရင်တောင်ရှုံးသွားနိုင်ပေမယ့်နောက်တစ်ဆင့်တက်ဖို့ဖြစ်နိုင်တုန်းပဲ”ဟု ပြောသည်။

မန်ချက်စတာယူနိုက်တက်အနေဖြင့် အုပ်စုနောက်ဆုံးပွဲအဖြစ် စီအက်စ်ကေအေမော်စကိုအသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ခြောက်ဂိုးနှင့်အထက်ရှုံးမှသာ အုပ်စုမှပြုတ်မည်ဖြစ်သည်။

ငါးဂိုးဖြင့်ရှုံးလျှင် စီအက်စ်ကေအေ၏အောက် အုပ်စုဒုတိယနေရာသို့ ရောက်သွားမည်ဖြစ်သည်။ သို့သော်ယင်းအခြေအနေ နှစ်ခုစလုံး ဖြစ်ပေါ်လာဖွယ်မရှိပေ။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required