မြန်မာ့ခေတ်ဆန်းပန်းချီနှစ် (၁ဝဝ) ပြည့်ပွဲအတွက် ပန်းချီကားများဖြင့် ရန်ပုံငွေရှာ

မြန်မာ့ခေတ်ဆန်းပန်းချီနှစ် (၁ဝဝ) ပြည့်ပွဲအတွက် ပန်းချီကားများဖြင့် ရန်ပုံငွေရှာ

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်ချုပ်စျေးအရှေ့ဘက်၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)တွင် နိုဝင်ဘာလ ၂၂ ရက်မှစပြီး နှစ်ပတ်ကြာပြုလုပ်မည့် ပန်းချီပြပွဲမှ ရောင်းရငွေ ၅ဝ ရာခိုင်နှုန်းကို မြန်မာ့ခေတ်ဆန်းပန်းချီနှစ် (၁ဝဝ) ပြည့်ပွဲကျင်းပနိုင်ရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပန်းချီပြပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့ထိ ပြသသွားမည်ဖြစ်ပြီး လက်ရှိတွင်တောင်ကြီး၊ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ပန်းချီဆရာ ၁ဝဝ ကျော်၏ လက်ရာမျိုးစုံ ပန်းချီကား ၈ဝ ကျော်နှင့် ပန်းပုရုပ်တု ၂ဝ ကျော်ကို ခင်းကျင်းပြသထားသည်။

“ အခုပြသထားတာက အစဆိုတော့ ဒီလောက်ပဲရှိသေးတာပါ။ နောက်ထပ် ဆရာတွေဆီက ပန်းချီကား တွေလာဦးမှာပါ။ အခုတော်တော်များများ ကားတွေကတော့ ပုံမှန် ပြခန်းတွေမှာတင်တဲ့   စျေးနှုန်းထက် ဒါက ရန်ပုံငွေပွဲဆိုတော့ တချို့ဆိုရင် သုံးပုံနှစ်ပုံလောက်စျေးချထားတယ်။ တစ်ဝက်ချထားတာလည်းရှိတယ်” ဟု မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)မှ နိုင်ငံတကာဆက်ဆံရေးမှူး ဦးမိုးကျော်သန့်က ပြောသည်။

အဆိုပါပန်းချီပြပွဲတွင် မြန်မာနိုင်ငံနေရာအသီးသီးမှ အသင်းဝင် ပန်းချီဆရာများ၏ ဆီဆေး၊ ရေးဆေးအပါအဝင် အခြားမီဒီယမ်များဖြင့်ရေးဆွဲထားသော ပန်းချီကားများနှင့် ပန်းပုရုပ်ထုများကို ပြသထားကာ ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ပုဂံယဉ်ကျေးမှုနယ်မြေတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှဦးဆောင်ပြီး ကျင်းပမည့် မြန်မာ့ခေတ်ဆန်းပန်းချီ နှစ် (၁ဝဝ)ပြည့် ပွဲတော်အတွက် ရည်ရွယ်ပြု လုပ်ခြင်းဖြစ်သည်။

“ဒီလိုခေတ်ဆန်းနှစ်တစ်ရာ ပြည့်ပန်းချီပြပွဲကြီးက လုပ်ဖို့ အင်မတန်ခဲ့ယဉ်းပါတယ်။ ကျွန်တော်လည်း ဒီမှာ ပါဝင် ရေးဆွဲထားတဲ့ ပန်းချီကားလေးရှိတော့ ဒီပန်းချီကားကနေ ရောင်းရငွေ ၅ဝ ရာခိုင်နှုန်းကို လှူဒါန်းပေးသွား မှာပါ။ ပွဲကျင်းပနိုင်ဖို့အတွက်က အဓိက ငွေလိုတာကိုး။ ဒီလို ကူညီပေးရတာ၊ ပါဝင်ခွင့်ရတာကိုပဲ ဝမ်းသာမိပါ တယ် ဗျာ”ဟု မန္တလေးတိုင်းဒေသကြီးမှ လာရောက်ပြသသည့် ပန်းချီဆရာ ကျော်သီဟက ပြော သည်။

အဆိုပါ မြန်မာ့ခေတ်ဆန်းပန်းချီပြပွဲကို ၁၉၁၈ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂ဝ၁၈ ခုနှစ်တွင် နှစ် ၁ဝဝ ပြည့်ပြီဖြစ်သည်။

လက်ရှိတွင် ပွဲတော်ကျင်းပရန် ပြင်ဆင်မှုပိုင်း ၅ဝ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ယင်းပွဲတော်ကို  ပုဂံယဉ် ကျေးမှုနယ်မြေတွင် ရ ရက်ကြာကျင်းပသွားမည်ဖြစ်ကာ တရုတ်နိုင်ငံ အပါအဝင်  ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှား စသည့်နိုင်ငံတို့မှ ပန်းချီဆရာများအား ဖိတ်ခေါ် ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required