လိပ်ကျွန်း သေဒဏ်အယူခံအပေါ် ထိုင်းအစိုးရရှေ့နေဘက်မှ လျောက်လဲချက်တင်ရန် အချိန်တစ်လတိုးတောင်းဆို

လိပ်ကျွန်း သေဒဏ်အယူခံအပေါ် ထိုင်းအစိုးရရှေ့နေဘက်မှ လျောက်လဲချက်တင်ရန် အချိန်တစ်လတိုးတောင်းဆို
ဓာတ်ပုံ-AFP

ချင်းမိုင်(မဇ္စျိမ)။နိုဝင်ဘာလ ၂၂  ။           ။ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦး၏ နောက်ဆုံး အယူခံအပေါ် ထိုင်းအစိုးရ ရှေ့နေများဘက်မှ ချေပလျှောက်လဲချက် တင်သွင်းရန် အချိန်တလ ထပ်တိုး တောင်းဆို လိုက်သည်ဟု လိပ်ကျွန်းအမှုကို မြန်မာအသံရုံးနှင့်အတူ ကူညီပေးနေသော ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ဟာနာနှင့် ဒေးဗစ်တို့ သတ်ဖြတ်ခံရမှုဖြင့် သေဒဏ် ပေးခံရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ ရှေ့နေများက ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က ကော့စမွေ တရားရုံးမှတဆင့် ထိုင်းဗဟို တရားရုံးချုပ်သို့ တင်ထားသော နောက်ဆုံး အယူခံကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် တရားရုံုးက လက်ခံခဲ့သည်။

ယင်းအယူခံနှင့် ပတ်သက်လို့ ထိုင်းအစိုးရ ရှေ့နေဘက်မှ အောက်တိုဘာလ ၂၂ ရက်နေ့တွင် လျောက်လဲချက် မတင်နိုင်ခဲ့သဖြင့် ရက်တိုး ခွင့်တောင်းဆိုခဲ့ကြောင်းရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်။

“တလထပ်တိုးတောင်းတယ်လို့ သိရပါတယ်။ သဘောကတော့ သူတို့ တင်ဖို့ အဆင်သင့်မရှိလို့ပေါ့လေ။ ဒီအမှုကို လိုက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီက ရှေ့နေ ညီမလေးပြောတာက သူတို့ ရက်ချိန်း တလထပ်တိုးရတယ်လို့ ပြောပါတယ်။ ၂၂ ရက်၊ ၁၂ လ ၂၀၁၇ ထိပေါ့” ဟု သူက ပြောသည်။

တစ်လတိုးတောင်းဆိုခဲ့သော်လည်း ယခုလာမည့် အပတ်အတွင်း အမှုကို သုံးသပ်၍ တရာသူကြီးအဖွဲ့က လာမည့် ဒီဇင်ဘာလ သို့မဟုတ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း အမိန့်ချနိုင်သည်ဟုမျော်လင့်သည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။

“ကျနော်တို့ဘက်ကတော့ ၃၁၉ မျက်နှာရှိတဲ့အယူခံကို တင်ပြီးသားပါ။ တရားရုံးကို ဒီအယူခံ လျှောက်လွာရယ်၊ မူလ အမှုဖြစ်တဲ့ စာမျက်နှာ ၄ ထောင်ကျော်ရယ် ပူးပေါင်းပြီးတော့ သူတို့တွေ သုံးသပ်ပြီးတော့ အမိန့်ချဖို့ပါ။ တရားရုံးက ပေးတဲ့ ရက်ချိန်းကို စောင့်ကြည့်ရမှာပါ။ အစိုးရဘက်က တင်တယ်။ မတင်ဘူးဆိုရင်လည်း တရားရုံးက ရုံးချိန်းကုန်သွားလို့မှ အမှုကို ဆက်လက် သုံးသပ်သွားမှာပါ” ဟု သူက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က သေဒဏ်ကျ မြန်မာနိုင်ငံသား ကိုဝင်းဇော်နှင့် ကိုဝင်းဇော်ထွန်းတို့၏ ရှေ့နေများက ထိုင်းအဆင့်မြင့် ဗဟိုတရားရုံးချုပ်သို့ စာမျက်နှာပေါင်း ၃၁၉ မျက်နှာပါရှိသော အယူခံကို တင်သွင်းခဲ့ပြီး ဖြစ်သည်။

၄င်းနောက်ဆုံးအယူခံအပေါ် ထိုင်းအစိုးရဘက်မှ ထုချေသည့် လျောက်လဲချက်မတင်နိုင်ခြင်းသည် မြန်မာရွေ့ ပြောင်းလုပ်သားနှစ်ဦး လွတ်မြောက်ရန်အတွက် အလားအလာကောင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အန်ကယ်တို့ကတော့ အခုချိန်ထိ ကလေးတွေဟာ သဘောရိုးနဲ့ အပြစ်မရှိဘူးဆိုတာကို ယုံကြည်တဲ့အတွက်ကြောင့်မို့ အလားအလာကောင်းတယ်လို့ဘဲ ယုံကြည်ပါတယ်။ အပြောင်းအလဲ တခု ခံစားရလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း အမိန့်တခုကောင်းတဲ့ဘက်ကို ခံစားလိမ့်မယ်လို့ မျော်လင့်ပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း(ကော့သောင်း) အပန်းဖြေကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား အသက် ၂၃ နှစ် ဟာနာ ဝစ်သာရစ်(Hananh Witheridge)နှင့် အသက် ၂၄ နှစ် ဒေးဗစ်မေလာ(David Miller) တို့ အသတ်ခံရပြီးနောက် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ကို လူသတ်မှု အပါအဝင် ရ မှုတို့ဖြင့် တရားစွဲဆိုကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ သူတို့ နှစ်ဦးသည် ဘန်ခွမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required