ဒုက္ခသည် နေရပ်ပြန်ပို့ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် စတင်ဆွေးနွေး

ဒုက္ခသည် နေရပ်ပြန်ပို့ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် စတင်ဆွေးနွေး
Photo-AFP
 

နိုဝင်ဘာ ၂၂ ။           ။ ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည် ပြဿနာအတွက် ဖြေရှင်းချက် နည်းလမ်းတစ်ခု ရှာဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ယခုလို ဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတစ်ရပ် ထွက်ပေါ်လာလိမ့်မယ်လို့လည်း ယုံကြည်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A H Mahmood Ali က ပြောပါတယ်။

" ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေ အားလုံးကို မြန်မာနိုင်ငံဆီ ပြန်ပို့ရေး လုပ်ငန်းတွေကို စလို့ရနိုင်မယ့် နားလည်မှုစာချွန်လွှာတစ်ရပ် အပြီးသတ် လက်မှတ်ရေးထိုးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဆိုပြီး Mahmood Ali က မဇျ္စိမကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲဲဲ့ကိုတော့ နိုင်ငံခြားရေး အတွင်းဝန် M Shahidul Haque က ဦးဆောင်လာတာဖြစ်ပြီး ရန်ကုန်မြို့က  ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး M Sufiur Rahman အပါအဝင် နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ ၀န်ကြီးချုပ်ရုံးတို့က တာဝန်ရှိပုဂ္ဂိုလ်တွေလည်း လိုက်ပါလာပါတယ်။

နေ့လည်စာ သုံးဆောင်အပြီးမှာတော့ နိုင်ငံခြားရေးဝန်ကြီး Mahmood Ali နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ တို့က ဒုတိယအကျော့ အစည်းအဝေးကို ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော်မှာ အပြီးသတ်အစည်းအဝေးကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ယခု အစည်းအဝေးကတော့ အဓိကအားဖြင့် ဒုက္ခသည် ပြန်ပို့ရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် ပူးတွဲအလုပ်အဖွဲ့ ဖွဲ့စည်းခြင်း၊ ယင်းအတွက် သတ်မှတ်ပြဌာန်းချက်များ သတ်မှတ်ခြင်းတို့အပေါ် အလေးထားသွားမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဘင်္ဂါလီတွေ နေရပ်ပြန်ပို့ရေးကို အပြီးသတ်နိုင်ရေးအတွက် အချိန်ကာလသတ်မှတ်ချက်တစ်ခု ရဖို့ ကြိုးစားဖွယ်ရှိတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိကြီးတစ်ဦးက မဇျ္စိမကို ပြောပါတယ်။

" အစည်းအဝေးအားလုံး အားလုံး အဆင်ပြေပြေ ဆွေးနွေးသွားနိုင်ရင်တော့ လာမယ့် ကြာသပတေးနေ့မှာပဲ MoU လက်မှတ်ထိုးနိုင်ပါလိမ့်မယ်" လို့လည်း ၎င်းက ပြောဆိုပါတယ်။ နှစ်ဘက်စလုံးအနေနဲ့ ကွဲလွဲချက်တွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ကြလိမ့်မယ်လို့လည်း ၎င်းက ထပ်လောင်းပြောပါတယ်။

ဒုက္ခသည် စိစစ်လက်ခံရေးလုပ်ငန်းစဉ်မှာ ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း ပါ၀င်လုပ်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆန္ဒရှိနေပေမယ့် ယင်းအချက်ကို မြန်မာဘက်က လက်ခံခြင်း မရှိသေးပါဘူး။

ယခုသီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့အကြား MoU တစ်ရပ် လက်မှတ်ထိုးသွားဖို့ စီစဉ်ထားတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ပြောခဲ့ပါတယ်။ သို့မှသာပဲ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေ မြန်မာဘက် ပြန်လာရေးလုပ်ငန်းစဉ်ကို စလို့ ရမယ်လို့ ၎င်းက ဆိုပါတယ်။

" MoU တစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ကျွန်မတို့ ကြိုးစားနေပါတယ် ၊ ဒါမှလည်း နယ်စပ်ကို ဖြတ်ပြီးထွက်သွားကြတဲ့ ဒုက္ခသည်တွေအားလုံး နေရပ်ပြန်လာရေးလုပ်ငန်းကို စလို့ရမှာဖြစ်ပါတယ်" ဆိုပြီး နေပြည်တော် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါပေမယ့်လည်း ရခိုင်ပြည်နယ် ပြန်လည်အေးချမ်းတည်ငြိမ်စေရေး လုပ်ဆောင်မှုကတော့ ညတွင်းချင်း ပြီးမြောက်အောင်မြင်အောင်လုပ်ဖို့ မဖြစ်နိုင်ကြောင်း ၎င်းက ပြောပါတယ်။ " ဘယ်အရာကိုမှ နေ့ချင်းညချင်း အပြီးလုပ်လို့မရနိုင်ပါဘူး၊ ဒါပေမယ့် တစ်ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်သွားလို့ ရနိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်" လို့ ၎င်းက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ရခိုင်ပြည်နယ်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်တည်ငြိမ်အေးချမ်းရေး ကြိုးစားအားထုတ်နေတဲ့ မြန်မာအစိုးရအပေါ် အာရှနဲ့ ဥရောပနိုင်ငံတွေကလည်း အကူအညီတွေ ပေးလိုနေကြကြောင်းလည်း ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို ၎င်းတို့သဘောဆန္ဒအလျောက် ဘေးကင်းစွာ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့အကြား နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုတွေကိုလုပ်ဆောင်ထားခဲ့ပါတယ်။

ASEM အစည်းအဝေး တက်ဖို့ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ကလည်း ယခု နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်မှာ မြန်မာခေါင်းဆောင်တွေနဲ့အကြား ဒုက္ခသည် ပြန်ပို့ရေးဆိုင်ရာ ဆွေးနွေးမှုတွေလုပ်ဖို့ မြန်မာနိုင်ငံမှာ ဆက်ရှိနေလျက်ရှိပါတယ်။

" အခွင့်အရေးတွေကတော့ ကောင်းပုံရပါတယ်၊ ဆက်ကြည့်ကြပါစို့" ဆိုပြီး ၎င်းက ထုတ်ဖော်သွားပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေ ဘေးကင်းစွာ ပြန်လာနိုင်ရေး MoU တစ်ရပ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ထိုးနိုင်မယ်လို့ ယုံကြည်ပါကြောင်း ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini ကလည်း ထုတ်ဖော်ထားပါတယ်။

" ဒုက္ခသည်တွေ ဘေးကင်းစွာနဲ့ နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား  MoU တစ်ရပ် ရနိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်" လို့ သူမက သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

ယင်းလုပ်ငန်းစဉ်ကို အီးယူဘက်က ထောက်ပံ့ထားကြောင်း၊ လာမယ့်သီတင်းပတ်တွေမှာ ယင်းလုပ်ငန်းစဉ်နဲ့အတူ ထောက်ခံပေးနိုင်ဖို့ အသင့်ရှိနေပါကြောင်း ၎င်းက ပြောပါတယ်။

အီးယူ ထိပ်တန်းသံတမန်အနေနဲ့ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်လို့ ၀န်ကြီးတစ်ချို့နဲ့လည်း တွေ့ဆုံဆွေးနွေးထားခဲ့ပါသေးတယ်။

" အရမ်းကို အားရစရာကောင်းပါတယ်၊ အာနန် ကော်မရှင် အစီရင်ခံစာကို အကောင်အထည်စဖော်နိုင်ဖို့ လိုတယ်ဆိုတဲ့အကြောင်း ဆွေးနွေးနိုင်ခဲ့ပါတယ်၊ မြန်မာခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကြောင့်လည်း ကျွန်မ အရမ်းကို အားတက်ရပါတယ်" လို့ အီးယူသံတမန်က ပြောသွားပါတယ်။

အလားတူ ဘင်္ဂါလီ ဒုက္ခသည်တွေ ဘေးကင်းစွာ နေရပ်ပြန်လာနိုင်ရေး၊ ရခိုင်ပြည်နယ်မှာ ဥပဒေမဲ့ကျူးလွန်မှုတွေ ရှိတယ်ဆိုတဲ့စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရမယ်ဆိုပြီး   မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဆိနိတ်တာ Jeff Merkley ဦးဆောင်တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။

" ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်၊ မြန်မာအနေနဲ့ ယင်းရဲ့ ကတိပြုချက်တွေအတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်" လို့ Jeff Merkley က ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နောက်ပိုင်း ဘင်္ဂါလီ ၄သိန်း ကျော် နယ်စပ်ကို ဖြတ်ပြီး ကော့ဇ်ဘဇားနယ်ထဲမှာ ခိုလှုံနေကြလျက်ရှိတယ်လို့ ကုလသမ္မဂက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required