ရခိုင်မှာ အမှန်တစ်ကယ် နေထိုင်ခဲ့သူတွေကို စိစစ်လက်ခံဖို့ အဆင်သင့်ပဲလို့ ဝန်ကြီးပြော

ရခိုင်မှာ အမှန်တစ်ကယ် နေထိုင်ခဲ့သူတွေကို စိစစ်လက်ခံဖို့ အဆင်သင့်ပဲလို့ ဝန်ကြီးပြော
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်တွင် အမှန်တစ်ကယ် နေထိုင်သူများကို ပြန်လည်စိစစ်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်သည်။

“ပြင်ပကို ထွက်သွားတဲ့သူတွေ အနေနဲ့လည်း မိမိနေရာမှာ တစ်ကယ်နေခဲ့တဲ့သူတွေ အစစ်အမှန် နေခဲ့တဲ့သူတွေ၊ ဘိုးစဉ်ဘောင်ဆက် နေခဲ့တဲ့သူတွေ ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ။ ပြန်လည်လက်ခံမယ့်စခန်းတွေကိုလည်း အခု ပြုပြင်နေတယ်။ အသစ် တည်ဆောက်တာလည်း ရှိတယ်။ ဒါတွေလည်း လုပ်ဆောင်ပြီးပြီ” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက စတင်ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး၊ တိမ်းရှောင်နေရသူများကို ရည်ညွှန်းကာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ပြန်လည်စိစစ်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရတို့က ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိနေပြီး “အခြေအနေတွေက နီးလာပြီ” ဟု ဝန်ကြီးက ဆိုသည်။

“လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက်ကိုလည်း စနစ်တကျ စီမံထားတာလည်း ရှိတယ်။ တစ်ပြိုင်နက်ထဲမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ကျွန်တော်တို့ ဆောင်ရွက်နေတယ်” ဟုလည်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။

ARSA ဟု အမည်ပေးထားသည့် မူဆလင်စစ်သွေးကြွများက ဩဂုတ်လ ၂၅ရက်က လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို စတင်တိုက်ခိုက်ခဲ့သည့် ပဋိပက္ခများကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဘင်္ဂလားဒေ့ရှ်နို်င်ငံဘက် ထွက်ပြေးသွားသူပေါင်း ၆သိန်းကျော် ရှိသည်ဟု ကုလသမဂ္ဂက ပြောဆိုထားသည်။

သို့သော် အဆိုပါ ကိန်းဂဏန်းသည် လက်တွေ့မကျဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

၁၉၉၃ ခုနှစ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နို်င်ငံ သဘောတူညီချက်အတိုင်း ဒုက္ခသည်များကို ပြန်လည် စိစစ်သွားမည်ဟုလည်း မြန်မာအစိုးရဘက်က ကနဦး ပြောဆိုထားသည်။

ယေဘုယျအားဖြင့် ၁၉၉၃ခုနှစ်၊ သဘောတူညီချက်အရ မြန်မာနို်င်ငံဘက် ပြန်လာလိုသူများသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် အထောက်အထားကို ခိုင်ခိုင်မာမာ တင်ပြရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မွေးဖွားသူဖြစ်ကြောင်းကိုလည်း အထောက်အထားပြရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly