စည်တော်ကြီးလက်ဖက်စက်ရုံမှ အလုပ်သမား ၂ဝ ခန့် အလုပ်ပြန်လည် ရရှိရန် တောင်းဆို

စည်တော်ကြီးလက်ဖက်စက်ရုံမှ အလုပ်သမား ၂ဝ ခန့် အလုပ်ပြန်လည် ရရှိရန် တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာလ ၂၂ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ရ ရှိ မြန်မာနိုင်ငံသားပိုင် စည်တော်ကြီး လက်ဖက်စက်ရုံ မှ လုပ်သားအင်အားလျှော့ချသည်ဟုဆိုကာ အလုပ်ထုတ်ခံလိုက်ရသော အလုပ်သမား ၂ဝ ခန့် က အလုပ်ပြန် လည်းရရှိလိုကြောင်း တောင်းဆိုခဲ့ကြသည်။

အဆိုပါ စည်တော်ကြီးလက်ဖက်စက်ရုံမှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လုပ်သားအင်အား လျှော့ချသည်ဟု ဆိုကာ အလုပ်သမား ဦးရေ ၉ဝ အား တစ်လကြို တင်အကြောင်းကြားခြင်းမရှိဘဲ လုပ်သက်အလိုက်နစ်နာ ကြေးပေးပြီး အလုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ပယ်ခဲ့ရာ အလုပ်သမား ရဝ ခန့်မှာ နစ်နာကြေးထုတ်ယူခဲ့သော်လည်း အလုပ်သမား ၂ဝ ခန့်မှာ လက်ရှိချိန်ထိ နစ်နာကြေးထုတ်ယူခြင်းမရှိသေးပေ။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စည်တော်ကြီး လက် ဖက်စက်ရုံရှေ့၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ၄င်းတို့က ယင်းအလုပ်သာပြန်လည်ရရှိလိုကြောင်း တောင်းဆိုခဲ့ကြ ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ကတော့ နယ်လည်း ပြန်ဖို့ကလည်း မလွယ်ဘူးလေ။ စားဝတ်နေရေးမပြေလည်လို့ ဒီမှာလာလုပ် ရတာ။ ပြေလည်လို့ နေနေတာလည်း မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီအလုပ်ကိုပဲ ပြန်လိုချင်ပါတယ် ”ဟု စည်တော်ကြီးလက်ဖက်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုမျိုးနိုင်ဦးက ပြောသည်။

  အလုပ်ထုတ်ခံရသော အလုပ်သမားများတွင် လုပ်သက် ၁ နှစ်မှ ၉ နှစ်အထိရှိသော အလုပ်သမား များပါဝင် နေပြီး ပြီးခဲ့သော ဇူလိုင်လအတွင်းကလည်း အချိန်ပိုကြေးအပြည့်မရရှိသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ဒီလိုချိန်မှာ သူတို့ဟာ မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် လက်ရှိအလုပ်မှာပဲ ဆက်ပြီး လုပ်ချင်နေ တယ်။ ဒါကြောင့် သူတို့က ဥပဒေအရ ဆက်ပြီး လုပ်စေချင်တယ်။ ကျွန်တော်တို့ ဆက်လုပ်ပေးထားတဲ့ အခြေ အနေကတော့ သက်ဆိုင်ရာဌာနတွေနဲ့ အလုပ်သမားဝန်ကြီးဌာနတွေကို စာတင်ထားပါတယ်။ ကျန်ရှိနေတဲ့ အလုပ်သမားတွေကတော့ လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှာ ၂၃ ရက်နေ့ ဖြေရှင်းဆောင်ရွက်ပါ မယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ စည်းရုံးရေးမှူး ကိုမျိုးမင်းဝင်းက ပြောသည်။

စည်တော်ကြီးလက်ဖက်စက်ရုံမှ အလုပ်ရှင်ဘက်မှလည်း ၄င်းတို့အလုပ်ထုတ်လိုက်သော အလုပ်သမားများ အနေဖြင့် နစ်နာကြေးငွေများကို နိုဝင်ဘာလ ၂ဝ ရက်မှ ၂၅ ရက်အတွင်း ဥပဒေအတိုင်းလာရောက်ထုတ်ယူ ကြရန်နှင့် သတ်မှတ်ရက်ထက်ကျော်လွန်ပါက မိမိဆန္ဒအရ အလုပ်မှ နှုတ်ထွက်သည်ဟု ယူဆကြောင်းစက်ရုံ ရှေ့တွင် ဗီနိုင်းဖြင့် ထုတ်ပြန်ကြေငြာထားသည်။

ထိုသို့ အလုပ်သမားများအား ၁ လကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်လိုက်သော ကိစ္စနှင့်ပတ် သက်၍ စက်ရုံမှတာဝန်ရှိသူများအား ပြန်လည်ဖြေကြားပေးရန် မီဒီယာများက စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly