AP ၏ သတင်းဖော်ပြချက်ကို ရှုတ်ချကြောင်း မြန်မာ စာနယ်ဇင်းသမဂ္ဂ ကြေညာချက်ထုတ်ပြန်

AP ၏ သတင်းဖော်ပြချက်ကို ရှုတ်ချကြောင်း မြန်မာ စာနယ်ဇင်းသမဂ္ဂ ကြေညာချက်ထုတ်ပြန်

ရန်ကုန် နိုဝင်ဘာ ၂၂ ။           ။ AP သတင်းဌာန၏ သတင်းဖော်ပြချက်အား ပြင်း ထန်စွာရှုတ်ချကြောင်း မြန်မာစာနယ်ဇင်းသမဂ္ဂက ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင်  ပြန်ကြားရေး ဝန်ကြီးဋ္ဌာန၊ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

AP သတင်းဋ္ဌာနအနေဖြင့် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ပြောကြားခဲ့သည့်မိန့်ခွန်းအား မှားယွင်း ဖော်ပြခဲ့သည့်အတွက် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က “ကမ္ဘာတစ်လွှား ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် တရားမဝင်ရွှေ့ပြောင်း   နေထိုင်မှုကနေ ပြန့်ပွားလာတဲ့ အကြမ်းဖက်မှုမှ လူမှုဆိုင်ရာ အဆင် မပြေမှုတွေပေါ်ပေါက်နေရုံမက နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှုစတဲ့ ခြိမ်းခြောက်မှုအသစ်တွေ အရေး ပေါ် အခြေအနေတွေ ပေါ်ပေါက်နေပါတယ်” ဟု ပြောကြားသွားခဲ့သည်ကို APသတင်းက “မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပေါ် တွင် မတည်ငြိမ်မှုနှင့် ပဋိပက္ခတွေဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကြောင့် ပြန့်ပွားလာတဲ့ အကြမ်းဖက်မှု တွေကြောင့်ဖြစ်တယ်” ဟု ဖော်ပြ သွားခဲ့သည်။

ထိုမှားယွင်းဖော်ပြမှုကို TIME, The New York Times , The Washington Post , Sun Francisco Chronicle အစရှိသည့် နိုင်ငံတကာ သတင်းဌာနများကလည်း ပြန်လည်ကိုးကား ရေး သားခဲ့သည့်အတွက် သတင်းမှားပါ အချက်အလက် များမှာ ပိုမိုပျံ့နှံ့သွားခဲ့ကြောင်း သိရသည်။

AP သတင်းဋ္ဌာန၏ သတင်းလွဲမှားဖော်ပြချက်နှင့် ပတ်သက်၍ မြန်မာစာနယ်ဇင်း သမဂ္ဂက " ယခုကဲ့သို့ တလွဲသတင်းရေးသားမှု သည် ကြီးမားသောဆိုးကျိုးနှင့်တိုင်းပြည်၏ ဂုဏ် သိက္ခာကို ထိခိုက်စေပြီး ထိလွယ်ရှလွယ် အခြေ အနေတစ်ရပ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းကြား မြန်မာနိုင်ငံအပေါ် ပိုမို၍ နားလည်မှု လွဲမှားစေ နိုင်ကြောင်း၊ ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ် သည့် AP အနေဖြင့် တစ်ရက်ကြာပြီးမှ သတင်း မှားပြင်ဆင်ချက်လုပ်သော်လည်း ကမ္ဘာကြီး၏ အမြင်တွင် မြန်မာနိုင်ငံသားများ၏ နစ်နာမှုအတွက် တောင်းပန်သင့်ကြောင်း မှတ်ချက်ပြုထားသည်။

ထို့ပြင် မြန်မာစာနယ်ဇင်းသမဂ္ဂအနေဖြင့် AP သတင်းဌာန၏ တာဝန်မဲ့သော ဤသတင်း ဖော်ပြ မှုကို ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

AP သတင်းဌာန၏ သတင်းရေးသားခြင်း မှားယွင်း မှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံ အမတ်ကြီး ဦးကျော်ဇေယျကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပြောကြားချက်များကို နိုင်ငံပိုင်မီဒီယာ များက ထုတ်လွှင့်ဖော်ပြထားပြီးဖြစ်သော်လည်း ထုတ်ပြန်ပေးသည့်သတင်းကို ယခုကဲ့သို့ မှားယွင်း ဖော်ပြခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း၊ အခြား သတင်းဌာနတွေကလည်း ကိုးကားရေးသားခဲ့သည့် အတွက် သတင်းမှားများပျံ့နှံ့ခဲ့ခြင်းကို စိတ်ပျက် ကြောင်း နိုဝင်ဘာ လ ၂၁ ရက်နေ့က သတင်း မီဒီယာများကို ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အဖွင့်မိန့်ခွန်းကို အင်္ဂလိပ်ဘာသာဖြင့် ပြော ကြားခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပမီဒီယာများအား တိုက်ရိုက်သတင်းယူခွင့် ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly