ငယ်ငယ်လေးကတည်းက လူဆိုးပဲ ဖြစ်ချင်တယ်ဆိုတဲ့ အဆိုတော်သရုပ်ဆောင် ရွှေထူး

By YOPE
22 November 2017
ငယ်ငယ်လေးကတည်းက လူဆိုးပဲ ဖြစ်ချင်တယ်ဆိုတဲ့ အဆိုတော်သရုပ်ဆောင် ရွှေထူး

YOPE Redchair  ပရိသတ်များ မင်္ဂလာပါ။ ဒီတစ်ပတ် YOPE Redchair  မေးခွန်းတွေကို ဖြေပေးမယ့် သူကတော့ အဆိုတော် လောက ကနေပြီးတော့ သရုပ်ဆောင်လောကထိ ခြေဆန့်လာတဲ့သူ အခု ရုံတင်နေတဲ့ ပက်ပက်စက်စက်ညှိ့ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် အဆိုတော် ရွှေထူးပဲ ဖြစ်ပါတယ်။

ကိုရွှေထူး မင်္ဂလာပါခင်ဗျ။ YOPE Redchair  အစီအစဉ်ကနေပြီးတော့ ကြိုဆိုလိုက်ပါတယ်။

အဆိုတော် တစ်ယောက်အနေနဲ့ ပထမဆုံး သရုပ်ဆောင်တဲ့ ဇာတ်ကားမှာ ဘာလို့ ခပ်ဆိုးဆိုး ကာရိုက်တာ ကို ရွေးချယ်ခဲ့တာလဲ။

ကျွန်တော်က ခပ်ဆိုးဆိုး ကာရိုက်တာ တစ်ခုကို ရွေးချယ်ဖြစ်ခဲ့တယ်ဆိုတာက ရုပ်ကလည်း မင်းသားရုပ်မဟုတ် ဘူးလေ။ လူကြမ်းရုပ်ဆိုတော့ ပြီးတော့ တက်တူးတွေနဲ့ဗျာ။ ကြောက်စရာကြီး အဲဒီလိုဆိုတော့ မင်းသားတော့ ဖြစ်လို့ မရတော့ဘူး၊  အဲဒီတော့ ကျွန်တော် ဗီလိန်ဆိုပေမယ့်လည်း သူလုပ်ကွက်ရှိတဲ့ ကာရိုက်တာနေရာကနေ ကျွန်တော်သရုပ်ဆောင်ရမယ်။ ငယ်ငယ်လေးကတည်း ဥပမာအားဖြင့် Bat Man နဲ့ ဂျိုကာ ဆိုရင် ကျွန်တော်က ဂျိုကာပဲ ဖြစ်ချင်တယ်။ ငယ်ငယ်လေးကတည်းက လူဆိုးပဲ ဖြစ်ချင်တယ်။ လူကောင်း သိပ်မဖြစ်ချင်ဘူး။ ကျွန်တော် ငယ်ငယ်လေးကတည်းက အကျင့်ပေါ့နော်။

အောင်မြင်ကျော်ကြားတဲ့ လူငယ်တစ်ယောက်အနေနဲ့ အချစ်စစ်ကို ရှာဖွေတဲ့အခါ အောင်မြင်မှုက အတားဆီး ဖြစ်စေလား။

အချစ်စစ်ကို ရှာဖွေတဲ့အခါ အောင်မြင်မှုက အတားဆီး ဖြစ်စေလားဆိုတော့ အဲဒီမေးခွန်းက နည်းနည်းတော့ စားတယ်ဗျ။ ဆိုင်တော့ မဆိုင်ဘူးဗျ။ ကျွန်တော်တို့ အသည်းတွေ ကွဲခဲ့ဖူးတယ်။ ကျွန်တော် ရည်းစားတွေလည်း ထားခဲ့ဖူးတယ်။ ဆိုးခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော် သီချင်းတွေလည်း လုပ်နေတယ်။ ကျွန်တော့်ကို ပရိသတ် တွေ တစ်ဖြေးဖြေးချင်း အားပေးလာတယ်။ မဆိုင်ဘူးဗျ။ အဓိက ဒီတစ်ယောက်နဲ့ ထားပါတော့ ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ ကြိုက်တယ်။ ဒီကောင်မလေးနဲ့ ပြတ်သွားတာကို သူသူ ကိုယ်ကိုယ်တော့ ခံစားရတာပဲ။ တကယ်ချစ်ရင်တော့ ခံစားရတယ်။ အဲဒီတော့ ခံစားရတာကို မေ့လိုက်ပါ။ ကိုယ်နဲ့ မထိုက်လို့ပဲ မှတ်ပါ။ တစ်ချိန်ချိန်မှာ ကိုယ်ဘဝအတွက် လက်တွဲဖော်ဖြစ်မယ့်သူက  တစ်နေရာရာမှာ စောင့်နေတယ်။ အဲဒါ ကိုယ့်အသက် ၂၅ လည်း ဖြစ်ချင်ဖြစ်မယ်။ ၃၀ လည်း ဖြစ်ချင်ဖြစ်မယ်။ ၄၀ လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလူက ကိုယ့်ကိုယ် တစ်ကယ်ချစ်တဲ့သူပဲ။ လူတိုင်းမှာ အဲဒီလိုစောင့်နေတဲ့သူတော့ ရှိတယ်။ အဲဒီတော့ ကိုယ့်ကိုယ် ပစ်သွားတဲ့သူကို ကိုယ်က ခံစားလိုက်ပါ။ အကြာကြီးခံစားမနေနဲ့ ခဏပဲ ခံစားလိုက် ကိုယ့်ကိုယ် တကယ်ချစ်တဲ့ သူ ထပ်တွေ့လာလိမ့်မယ်။

ရွှေထူးသီချင်းအများစုက သံစဉ်တွေ တူတယ်လို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ဘယ်လိုမျိုးတုန့်ပြန်ချင်လဲ။

မှန်တာပေါ့။ မှန်တာပေါ့ဆိုတာက ကျွန်တော်တို့က တော်လို့ လုပ်တာထက် ဝါသနာပါလို့ ကျွန်တော်တို့ လုပ်လာတာ။ ဝါသနာပါလို့ လုပ်ရင်းနဲ့ ကိုယ့်ဟာကိုယ် ထားပါတော့ flute ဆိုရင်လည်း ဆရာတွေ ဘာတွေနဲ့ သင်တာမဟုတ်ဘူး ။ ကိုယ့်ဟာနဲ့ကိုယ် စာအုပ်လေးဖတ်လိုက် သူငယ်ချင်းကို နောက်ကနေ ပြခိုင်းလိုက် flute လေး တီးတတ်သွားတယ်။ သီချင်းရေးရင်လည်း ထိုနည်းလည်းကောင်းပဲ ကျွန်တော် သီချင်း စရေးတုန်းက ဆိုရင် ဂစ်တာတီးသင်တာပေါ့နော်။ ပွဲစျေးမှာဖြစ်ဖြစ် လမ်းဘေးမှာဖြစ်ဖြစ် ရောင်းနေကြတဲ့ စာအုပ်ရှိတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ တစ်အုပ်ကို ၂၀၀ ပဲ ပေးရတယ်။ ဂစ်တာ ကော့(ပ်)တွေ ပါတဲ့ စာအုပ် ဒါ ကျွန်တော့် လေ့ကျင့်မှုကို ပြောပြတာပါ။ C ကို ကိုင်တယ် အကြာကြီး စစတီးချင်း နာတာကိုး C ကို တစ်နာရီလောက် ကိုင်တယ်။ ပြီးရင် G ကို နာရီဝက်လောက် ကိုင်တယ်။ ပြီးရင် C ၊ G ကို တစ်နာရီလောက် ထပ်လေ့ကျင့်တယ်။ ကျွန်တော် အများကြီး လေ့ကျင့်ခဲ့တယ်။ အဲဒီမှာ Round Cord  လေးတွေ ဂစ်တာ တီးတတ်သွားတယ်။ အဲဒီမှာ ကလေးဘဝဆိုတော့ မယ်လိုဒီလေးတွေ လျောက်ငြီးရင်းနဲ့ ငယ်ငယ်လေးကတည်းက ပိုးပါလာတော့၊  ကိုယ်က အကျွမ်းကျင်မဟုတ်တဲ့ အခါကျတော့ ကျွန်တော်က ဒီ ဂစ်တာ ကော့(ပ်) လေးတွေပေါ်မှာပဲ ရေးရတဲ့ အခါကျ တော့ ကျွန်တော် သံစဉ်လေးတွေက ထပ်သွားတာပေါ့နော်။ ကျွန်တော့်ကို ပြောနေကြတာ ကျွန်တော် အကုန်လုံးကို လက်ခံတယ်။ အဲဒီအတွက်လည်း နောက်ပိုင်း ပြင်ဆင်နိုင်အောင် တစ်ဖြေးဖြေးချင်း ကြိုးစားနေ တယ်ပေါ့နော်။ ဒုတိယ အခွေမှာ ကျွန်တော် ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပါတယ်။

underground hip hop လောကမှာ ကျင်လည်ခဲ့ပြီးတော့ ဘာလို့ RIP နဲ့ Pop  မြူးဇစ်ကို ရွှေထူးက ရွေးချယ်ခဲ့တာလဲ။

underground hip hop မှာတော့ အဲလို့ Hip Hop  ကြီးတော့ ကျင်လည်ခဲ့တာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်က အရင်တုန်းကတော့ Rap တွေလည်း ဆိုပါတယ်။ နောက်ပိုင်းတော့ အမေက ကျွန်တော် မယ်လိုဒီ ဆိုတာလေးတွေက ပိုအဆင်ပြေတယ်။ သားအသံနဲ့လည်း ပိုလိုက်တယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်က မယ်လိုဒီ အပိုင်းကို ကူးပြောင်းဖြစ်သွားတာပေါ့နော်။ Rap တွေကတော့ သိပ်လည်း မဆိုတတ်ပါဘူး။ ကိုယ်ထက် တော်တဲ့သူက အများကြီးဆိုတော့ ကိုယ်က အားပေးရုံပဲ။ ကျွန်တော် မယ်လိုဒီဆိုတာလည်း ကျွမ်းကျင်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော်ဝါသနာပါတာ ဒီလောက်ပါပဲ။

ဂီတစျေးကွက်ပျက်နေတဲ့ မြန်မာနိုင်ငံမှာ အဆိုတော်တွေက ဘယ်လိုမျိုး ရပ်တည်နေကြလဲ။

အဲဒါတော့ ကိုယ်ရှေ့မှာလည်း ကိုယ့်စီနီရာတွေ အများကြီး ရှိတယ်။ ဂီတစျေးကွက် ပျက်လား မပျက်လားတော့ ကျွန်တော်လည်း မသိဘူးပေါနော်။ အဲဒီတော့ ပြောရမယ်ဆိုရင်တော့ ကွင်းဆက်လေးတွေနဲ့ အားလုံးပေါ်မှာပဲ မူတည်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ အနုပညာရှင်တွေမှာလည်း လိုအပ်သလို ပရိသတ်တွေ ပေါ်မှာလည်း လိုအပ်တယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံတော်ကလည်း လိုအပ်ပါတယ်။ အဲဒီတော့ အကုန်လုံးမှာ လိုအပ် ချက် ရှိနေပါတယ်။ ဒါပေမယ့် ဖြေးဖြေးချင်းတော့ ပြောင်းလဲနိုင်အောင် ကြိုးစားရမယ်။ ပြောင်းလဲနိုင်တယ် ဆိုတာက လူပြောင်းလဲတာထက် ကျွန်တော်တို့ အရင်တုန်းက  စိတ်ဓာတ်တွေ ပြောင်းလဲရင်တော့ ဖြစ်လာနိုင်ပါ တယ်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly