ရန်ကုန်ရှိဆိုးသွမ်းခွေးများအတွက် ပထမဦးဆုံးခွေးဂေဟာ ဖွင့်တော့မည်

ရန်ကုန်ရှိဆိုးသွမ်းခွေးများအတွက် ပထမဦးဆုံးခွေးဂေဟာ ဖွင့်တော့မည်

 

ရန်ကုန်၊နိုဝင်ဘာ၂၂ ။                 ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပထမဦးဆုံးသော ခွေးထိန်းသိမ်းစောင့်ရှောင့်ရေးဂေဟာကို ယခုနှစ် ၂၀၁၇ ဒီဇင်ဘာလဆန်းမှစတင်ကာ ဖွင့်လှစ်တော့မည်ဟု အဆိုပါဂေဟာ၏တာဝန်ခံ လက်ထောက်ဌာနမှူး ဒေါက်တာလှမေဦးက ပြောသည်။

အဆိုပါ ခွေးထိန်းသိမ်းစောင့်ရှောင့်ရေးဂေဟာမှာ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန် လမ်းအဆုံးတွင်တည်ရှိပြီး ဆိုးသွမ်းခွေးများအတွက် ရည်ရွယ်ထားသည်ဟု ဆိုသည်။

"ဆိုးသွမ်းတဲ့ခွေးတွေပေါ့ ။ လူကိုရန်မူတဲ့ အမူအကျင့်ပြောင်းလဲပြီးတော့အန္တရာယ်ရှိတဲ့ခွေးလေးတွေကို ဦးစားပေးပြီးတော့ ရန်ကုန်မြို့နေပြည်သူတွေ အသက်အန္တရာယ်မရှိဖို့ ရောဂါမကူးစက်ဖို့ အစ်မတို့ကကြိုတင်ကာကွယ်တဲ့နည်းစနစ်တွေလုပ်သွားမှာပါ"ဟု ရန်ကုန်မြို့တော်စည်ပင် တိရစ္ဆာန်နှင့်သားသတ်ဌာန လက်ထောက်ဌာနမှူး ဒေါက်တာလှမေဦးက ပြောပြသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်းရှိ ခွေးအကောင် ၅၀ ခန့်ကို ထိန်းသိမ်းထားရှိနေသည်။

အဆိုပါခွေးဂေဟာသို့ လက်ရှိပို့ဆောင်ထားသည့်ခွေးအထီးများကို ခွေးရူးကာကွယ်ဆေးကြိုတင်ထိုးပေးထားကာ မျိုးထိန်းမှုလုပ်ဆောင်ပြီး ပို့ဆောင်ထားသည်ဟု ဒေါက်တာလှမေဦးမှ ဆိုသည်။

လေလွင့်ခွေးများထိန်းသိမ်းဖို့အတွက် စားဖိုဆောင်ပါဝင်သည့် ခွေးဂေဟာတွင် လျှပ်စစ်မီးအဆင်မပြေသေးသော်လည်း ရေရရှိရန်အတွက် ရေတွင်းတစ်ခုတူးထားပြီးဖြစ်သည်။

အမိုးအကာဖြင့်တည်ဆောက်ထားသည့် စည်ပင်၏ခွေးဂေဟာမှာ ခွေးအကောင်ရေ (၅၀၀)ဆံ့ပြီး ဧရိယာအကျယ်အဝန်း ပေ(၄၀၀)x ပေ(၁၅၀) ရှိမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပုဂ္ဂလိကခွေးဂေဟာများတည်ရှိနေပြီး ယခုခွေးဂေဟာမှာ အစိုးရမှ တည်ဆောက်ထားပေးသည့် ခွေးဂေဟာတစ်ခုဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly