ရာထူးမှရုတ်တရက်နှုတ်ထွက်သွားသည့် ၀န်ကြီးချုပ်ဟာရီရီ လက်ဘနွန်နိုင်ငံသို့ပြန်ရောက်

ရာထူးမှရုတ်တရက်နှုတ်ထွက်သွားသည့် ၀န်ကြီးချုပ်ဟာရီရီ လက်ဘနွန်နိုင်ငံသို့ပြန်ရောက်

 

ဘေရွတ်၊ လက်ဘနွန်၊ နို၀င်ဘာ ၂၂ ။                ။ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကိုအကြောင်းပြ၍ ရာထူးမှနှုတ်ထွက်သွားပြီးနောက် သုံးပတ်နီးပါးခန့် နိုင်ငံအပြင်ဘက်ရောက်ရှိနေခဲ့သော လက်ဘနွန်ဝန်ကြီးချုပ် ဆာ့ဒ်ဟာရီရီသည် နိုင်ငံတော်လွတ်လပ်ရေးနေ့ မကျင်းပမီတစ်ရက်အလို အင်္ဂါနေ့အနှောင်းပိုင်း၌ သူ၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ပြီးခဲ့သောနို၀င်ဘာလ ၄ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့မှတဆင့် ရုပ်သံမိန့်ခွန်းထုတ်လွှင့်ခဲ့ပြီး ရာထူးမှနှုတ်ထွက်သွားပြီဟု အံ့သြသင့်ဖွယ်ကြေညာခဲ့သည့် ဟာရီရီသည် အဘူဒါဘီ၊ ပဲရစ်နှင့် ကိုင်ရိုမြို့တို့သို့ ခရီးတိုသွားရောက်ခဲ့သည်။

ဟာရီရီ၏လေယာဉ်သည် အင်္ဂါနေ့ညသန်းခေါင်မတိုင်မီတွင် ဘေရွတ်အပြည်အပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း သူ၏ရုံးချုပ်မှတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ရာထူးမှနှုတ်ထွက်ပြီဟု ဟာရီရီက ရုတ်တရက်ကြေညာခဲ့မှုကြောင့် နိုင်ငံ၏နိုင်ငံရေးအခြေအနေများကို လက်ဘနွန်ပြည်သူများက စိုးရိမ်လျက်ရှိနေသည်။ သို့သော်လည်းဟာရီရီက သူသည် ဗုဒ္ဓဟူးနေ့တွင်ကျင်းပမည့် ၄၇ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်မည်ဖြစ်ပြီး သူ၏အခြေအနေများကို ရှင်းလင်းပြောဆိုသွားမည်ဟု ကတိပေးထားခဲ့သည်။

ဟာရီရီသည် လက်ဘနွန်နိုင်ငံကိုထောက်ပံ့မှုများပေးနေသော အီဂျစ်သမ္မတအက်ဘ်ဒယ်ဖာတာအယ်လ်စီစီနှင့် အတူ ကိုင်ရိုမြို့၌လည်း တွေ့ဆုံခဲ့သည်။ ထို့နောက်ဘေရွတ်မြို့သို့မပြန်လာမီတွင် ဟာရီရီသည် ဆိုက်ပရက်စ် သို့သွားကာ သမ္မတနစ်ကော့စ်အနက်စ်တာစီယာဒက်စ်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ဟာရီရီ၏ Future Movement အဖွဲ့ကတာဝန်ရှိသူများက သူ့ကိုထောက်ခံသူများအား ဘေရွတ်မြို့လယ်ခေါင်ရှိ သူ၏နေအိမ်၌ လာရောက်စုရုံးကာ သူ့အားကြိုဆိုကြရန် ဆော်သြခဲ့သည်။

ဆော်ဒီနှင့်လက်ဘနွန်နိုင်ငံသားအဖြစ် နှစ်နိုင်ငံသားခံယူထားသော ဟာရီရီသည် ဆော်ဒီ၏မဟာရန်ဘက် အီရန်တို့နှင့် ၄င်း၏အင်အားကြီးမားသောမဟာမိတ်ဖြစ်ပြီး နိုင်ငံကို မတည်ငြိမ်အောင် လုပ်ဆောင်နေကြသော လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာတို့၏ရန်ကို ကြောက်ရသောကြောင့် ရာထူးမှနှုတ်ထွက်ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

သို့သော်လည်း လက်ဘနွန်သမ္မတမိုက်ကယ်အေယွန်က ယင်းဆုံးဖြတ်ချက်ကိုလက်ခံရန် ငြင်းဆန်ထားခဲ့ပြီး လက်ဘနွန်နိုင်ငံသို့ပြန်လာမှသာ ဟာရီရီကိုယ်တိုင် ရှင်းရှင်းလင်းလင်းနှင့် ပြည်သူများကိုတိုက်ရိုက်ပြောကြားရန် တောင်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required