ရခိုင်အရေးတွင် ကုလသမဂ္ဂနှင့် အတူလက်တွဲဆောင်ရွက်ရမည်ဟု အမေရိကန်ကိုယ်စားလှယ်ပြော

ရခိုင်အရေးတွင် ကုလသမဂ္ဂနှင့် အတူလက်တွဲဆောင်ရွက်ရမည်ဟု အမေရိကန်ကိုယ်စားလှယ်ပြော

 

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂါလီများ(မူရင်း ရိုဟင်ဂျာဟုဆို) ဒုက္ခသည်များ နေရပ်ပြန်လည်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် မြန်မာခေါင်းဆောင်များအနေဖြင့် ကုလသမဂ္ဂနှင့် လက်တွဲဆောင်ရွက်ရမည် ဖြစ်ကာ ပြီးခဲ့သည့် သုံးလအတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်က ရက်စက်မှု လုပ်ရပ်များအပေါ် ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးရေးများကို အာမခံပေးသင့်ကြောင်း တိုက်တွန်းပြောဆိုသည်။

သို့သော် လွှတ်တော်အမတ် Jeff Merkley ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က သြဂုတ်လအတွင်း ဖြစ်ပွားသော ARSA တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချပြီး ၎င်းတို့၏ နောက်ခံအင်အားထောက်ပံ့သူများနှင့် ငွေကြေးရန်ပုံငွေ ထောက်ပံ့သူများကို ခြေရာခံရေးက အရေးကြီးကြောင်း ပြောသည်။

“ကမ္ဘာကြီးက စောင့်ကြည့်နေတယ်။ ဘင်္ဂါလီတွေ ပြန်လာတဲ့အခါ ခေါ်ယူတာ၊ ပြန်လည်နေရာချထားတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကတိအပေါ် ဆောင်ရွက်မှုက အရေးကြီးတယ်။ ဒါပေမယ့် သူတို့တွေ အိမ်ပြန်လာတာ ဒါမှမဟုတ် သူတို့ ပြန်လည်ရောက်ရှိတဲ့နေရာမှာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ရှိမနေဖို့လည်း အရေးကြီးတယ်။”ဟု လွှတ်တော်အမတ် Merkley က ပြောသည်။

Merkley သည် မြန်မာနိုင်ငံတွင်း အရပ်သားနှင့် စစ်ဖက် အရွေ့နိုင်ငံရေးအပေါ် သတိထားနေသော သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သော်လည်း မြန်မာအစိုးရအနေနှင့်က ဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အပြင် ရခိုင်တွင် ဖြစ်ပွားသော ပဋိပက္ခများ၏ အမှန်ရင်းမြစ်ကို ယုံကြည်လောက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရေးတွင် ကုလသမဂ္ဂ ပါဝင်နိုင်ရေးကိုလည်း မရမနေ တောင်းဆိုနေသူများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေများကို ကိုယ်တိုင်လာရောက် ကြည့်ရှုရန် နိုင်ငံခြားတိုင်းပြည်များက ကိုယ်စားလှယ်များ စေလွှတ်ရေးကို ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ထားကြောင်း Merkley က တု့ံပြန်ပြောဆိုသည်။

“ဒါပေမယ့် ကျွန်တော်တို့ စစ်တွေမှာ ရှိတဲ့ လူ့အသိုင်းအဝိုင်း အားလုံးဆီ သွားနိုင်ခွင့်ရလို့ ပျော်ရတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြစ်ပွားရာ နေရာတွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားခွင့် မပြုတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။”ဟု ၎င်းက ဆိုသည်။

ရခိုင်တွင် ဖြစ်ပွားသော ပြဿနာများ၏ အရင်းအမြစ်နှင့် နိုင်ငံတကာက ထဲထဲဝင်ဝင် ပါဝင်တုံ့ပြန်ထားသည့် ဘင်္ဂလားဒေ့ရှ်က လက်ခံထားရသော ဒုက္ခသည်များ ပြဿနာနှစ်ရပ်စလုံးကို မြန်မာနိုင်ငံအနေဖြင့် ဖြေရှင်းခွင့် ရှိရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက် အကောင်အထည်ဖေါ်ရေးကိုလည်း ၎င်းက တိုက်တွန်းကာ ရခိုင်တွင် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများ အပြည့်အဝလက်ခံရေးနှင့် ဘင်္ဂလားဒေ့ရှ်နှင့် လက်တွဲဆောင်ရွက်ရေး၊ ဒုက္ခသည်များ ဘေးကင်းစွာနေရပ် ပြန်နိုင်ရေးတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းရေး၊ ရခိုင်တို့ ပြန်ရောက်ပြီးနောက် ဘင်္ဂါလီများအတွက် လွတ်လပ်ခွင့် ကျိန်းသေရေးနှင့် ရခိုင်တွင် ဖြစ်ပွားသော ရက်စက်မှုလုပ်ရပ်များအပေါ် ပြည့်ဝယုံကြည်ရသည့် စုံစမ်းစစ်ဆေးမှုများ ခွင့်ပြုရေးတိို့ကိုလည်း တောင်းဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု လွယ်ကူစေရေးအတွက် အတူဆောင်ရွက်ရန် အမေရိကန်က ကြိုးစားနေသော်လည်း ခိုင်မာသည့် လူ့အခွင့်အရေး အစိုးရစနစ် တည်ထောင်ရေးပေါ်တွင် ဒီမိုကရေစီ ကျိန်းသေခိုင်မာရေးကို အာမခံနိုင်ရန် ပိုမိုလိုလားကြောင်းလည်း ၎င်းက ပြောသည်။

“ဒါကို အာမမခံနိုင်ဘဲနဲ့ ဘယ်တိုင်းပြည်မှ ဒီမိုကရေစီ ဖြစ်ထွန်းနေပြီလို့ အတည်ပြုလို့ မရပါဘူး။”ဟု ၎င်းက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required