လိင်မှုဆိုင်ရာ ဆွဲဆောင်မှုနှင့် တိမ်းညွတ်မှု

လိင်မှုဆိုင်ရာ ဆွဲဆောင်မှုနှင့် တိမ်းညွတ်မှု

ရေးသားသူ Dr . Phyu Mon Latt 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe. 

လူတွေဟာ ကလေးဘဝကို ဖြတ်သန်းပြီးဆယ်ကျော်သက်ဘဝနဲ့ နောက်ပိုင်း ဖြစ်လာခဲ့အခါ သူတို့ရဲ့ ကိုယ်ခန္ဓာတွေဟာလည်း ပြောင်းလဲတိုးတက်လာပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုတွေဟာလည်း ဒီအတိုင်းပါပဲ။

ဆယ်ကျော်သက်အရွယ်ဆိုတာ ပြောင်းလဲတတ်တဲ့ အရွယ်ပါပဲ။

ဆယ်ကျော်သက်အရွယ်မှာပျိုဖော်ဝင်ချိန်ရဲ့ ဟော်မုန်းတွေ ခန္ဓာကိုယ်အပြောင်းအလွဲတွေဟာ လိင်ပိုင်းဆိုင်ရာ ခံစားမှုတွေကို နှိုးဆွစေနိုင်ပါတယ်။ ဆန်းသစ်တဲ့ လိင်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တွေးတောတာ၊ တစ်ခါတစ်ရံ စိတ်ပူပန်တာဟာ အဖြစ်များတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ကိုယ်ဘယ်လိုလူလဲ၊ ဘာဖြစ်လာမှာဆိုတာ နားလည်ဖို့အတွက် အချိန်ကြာတတ်ကြပါတယ်။ ကိုယ့်ရဲ့ ဆန်းသစ်တဲ့ လိင်မှုဆိုင်ရာခံစားချက်တွေကိုနဲ့ ကိုယ်ဘယ်သူ့ကို ကြိုက်နှစ်သက်လဲဆိုတာ သေချာနားလည်ဖို့ဟာလည်း အထက်ဖေါ်ပြပါ အချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

လိင်မှုဆိုင်ရာ တိမ်းညွတ်မှုဆိုတာ ဘာလဲ။

လိင်မှုဆိုင်ရာတိမ်းညွတ်မှုဆိုတာအခြားသူတစ်ယောက်ထံ စိတ်ခံစားမှုဆိုင်ရာ၊ စိတ်ကူးယဉ်ဆန်မှုဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်ခြင်းခံရမှုကိုဆိုလိုပါတယ်။ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု အများအပြားရှိပါတယ်။ ဥပမာ

  • လိင်မတူကာမဆက်ဆံမှုကို နှစ်သက်သောအမျိုးအစား – ကိုယ်နဲ့ လိင်မတူသူကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်တာဖြစ်ပါတယ်။ ယောကျ်ားလေးတွေဟာမိန်းကလေးတွေကို ကြိုက်နှစ်သက်တာမျိုးဖြစ်ပြီးမိန်းကလေးတွေဟာယောကျ်ားလေးတွေကို နှစ်သက်တာမျိုးဖြစ်ပါတယ်။ သူတို့ကို “straight” လို့ ခေါ်ဆိုကြပါတယ်။
  • လိင်တူကာမဆက်ဆံမှုကို ကြိုက်နှစ်သက်သူ – လိင်တူကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်တာဖြစ်ပါတယ်။ မိန်းကလေးတွေဟာတစ်ခြားမိန်းကလေးကို ကြိုက်နှစ်သက်ခြင်းကိုယောက်ကလျာ (lesbian) လို့ သတ်မှတ်ပြီးယောကျ်ားအချင်းချင်း ကြိုက်နှစ်သက်တာကိုတော့ ဂေးလို့ ခေါ်ပါတယ်။ (ဂေးဆိုတာတစ်ခါတစ်လေလိင်တူဆက်ဆံသူအကုန်လုံးကိုခေါ်ဆိုလေ့ ရှိပါတယ်။)
  • လိင်တူသူရော၊ မတူသူကိုပါ ကြိုက်နှစ်သက်သူ – ဒီအမျိုးအစားဟာလိင်တူသူရောလိင်မတူသူကိုပါ ကြိုက်နှစ်သက်တာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု ခံစားခြင်းမရှိပဲလိင်ကိစ္စလုံးဝစိတ်မဝင်စားသူများကိုတော့ Asexual လို့ ခေါ်ဆိုကြပါတယ်။ ဒီအမျိုးအစားဟာလိင်မှုကိစ္စကိုစိတ်မဝင်စားသော်ငြားအခြားသူတွေနဲ့ စိတ်ပိုင်းဆိုင်ရာနီးကပ်မှု ရှိနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာလူတွေဟာသူတို့ကိုယ်သူတို့ လိင်မှုဆိုင်ရာအတွေးတွေနဲ့ ဆွဲဆောင်မှုတွေအကြောင်းရှာဖွေတွေ့ရှိတတ်ပါတယ်။ တချို့သူတွေအတွက်ကတော့ ဒီအတွေးတွေ ခံစားမှုတွေဟာတစ်ခါတစ်လေစိတ်ရှုပ်စရာ ဖြစ်ပြီး ပြင်းထန်တတ်ကြပါတယ်။ အထူးသဖြင့် စိတ်ကူးယဉ်ဆန်တဲ့ လိင်မှုဆိုင်ရာအတွေးတွေကိုကိုယ်နဲ့ လိင်တူသူတစ်ယောက်ကိုတွေးတောမိပြီဆိုရင် ဒါဘာကိုဆိုလိုတာလဲလို့ သူတို့ စဉ်းစားရပါပြီ။ ငါဂေးများ ဖြစ်နေတာလား။

လိင်တူစိတ်ဝင်စားခြင်းဟာဂေးလို့ အမြဲမဆိုလိုသလိုလိင်ကွဲစိတ်ဝင်စားခြင်းဟာလည်း straight လို့ အမြဲမဆိုလိုပါဘူး။ ဆယ်ကျော်သက်တွေမှာလိင်တူရောလိင်ကွဲကို ပါ လိင်မှုဆိုင်ရာအတွေးတွေးတောမိခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါဟာသင့်ရဲ့ လိင်မှုဆိုင်ရာအတွေးတွေကိုခွဲခြမ်းစိတ်ဖြာနေတာ ဖြစ်ပါတယ်။

တချို့သောသူတွေကတော့ တွေးတောခြင်းကိုကျော်လွန်ပြီးလိင်တူနဲ့ရောလိင်ကွဲနဲ့ပါ လိင်ဆက်ဆံတတ်ကြပါတယ်။ ဒီအတွေ့အကြံုတွေကလည်းသင် ဂေးလား straight လားဆိုတာကိုအမြဲအဆုံးအဖြတ် မပေးပါဘူး။

LGBT ဆိုတာဘာလဲ။

လိင်မှုဆိုင်ရာတိမ်းညွတ်မှုတွေကိုဖေါ်ပြတဲ့ LGBT (သို့) LGBTQ ဆိုတဲ့ စကားလုံးတွေကို မြင်ဖူးပါလိမ့်မယ်။ ဒီအတိုကောက်တွေကတော့ lesbian, gay(ဂေး), bisexual, transgender (လိင်ပြောင်းထားသူ) နဲ့ Queer တို့ကိုဆိုလိုတာ ဖြစ်ပါတယ်။

လိင်ပြောင်းလဲတယ်ဆိုတာလိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု မဟုတ်ပါဘူး။ ဒါဟာလိင်ပုံစံဖြစ်ပါတယ်။ လိင်ဆိုတာယောက်ျား၊ ဒါမှမဟုတ် မိန်းမကိုဆိုလိုတာဖြစ်ပါတယ်။ လိင်ပြောင်းလဲထားသူတွေမှာလိင်ပုံစံတစ်မျိုးရဲ့ ခန္ဓာကိုယ်ရှိနေပေမယ့် သူတို့ဟာဆန့်ကျင်ဘက်လိင်လို့ ခံစားနေရတာဖြစ်ပါတယ်။ သူတို့ဟာမှားယွင်းတဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားလာတာလို့ ခံစားကြရတာပါ။

လိင်ပြောင်းလဲထားသူတွေကို “Straight” အုပ်စုထဲမဝင်တဲ့အတွက် lesbian နဲ့ ဂေးအုပ်စုထဲထည့်သွင်းလေ့ ရှိကြပါတယ်။

လူတွေဟာ သူတို့ရဲ့ လိင်မှုဆိုင်ရာတိမ်းညွှတ်မှုကို ရွေးချယ်လေ့ရှိကြပါသလား။

ဘာလို့ လူတချို့က ဂေးဖြစ်ပြီးတချို့ကတော့ straight ဖြစ်ကြပါသလဲ။ ဒါနဲ့ ပတ်သတ်ပြီးရိုးရှင်းတဲ့ အဖြေမရှိပါဘူး။ American Academy of Pediatrics (AAP) နဲ့ American Psychological Association (APA) က ကျွမ်းကျင်သူတွေကတောင် လိင်မှုဆိုင်ရာတိိမ်းညွတ်မှုဟာဇီဝဗေဒ၊ စိတ်ပညာနဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ အချက်တွေ ရောထွေးနေခြင်းဖြစ်တယ်လို့ ပြောကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့လူတစ်ယောက်ရဲ့ ဗီဇနဲ့ ဟော်မုန်းတွေကအရေးကြီးတယ်လို့ ယူဆကြပါတယ်။

ကျွမ်းကျင်သူတွေကလိင်မှုဆိုင်ရာတိမ်းညွတ်မှုဆိုတာလူတစ်ဦးတစ်ယောက်က ဆန္ဒအလျောက် ရွေးချယ်တဲ့ဟာမျိုးမဟုတ်ဘူးလို့ ယုံကြည်ကြပါတယ်။ ဒါဟာလူတစ်ယောက်ရဲ့ သူဘယ်သူဖြစ်တယ်ဆိုတဲ့ သဘာဝကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

LGBT ဖြစ်ခြင်းမှာဘာမှ မှားယွင်းခြင်းမရှိပါဘူး။ ဒါပေမယ့် ဒါကိုခုထိဘယ်သူမှ မယုံကြည်ကြပါဘူး။ ဒီလိုထင်မြင်ယူဆချက်တွေဟာဆယ်ကျော်သက် LGBT တွေအတွက် အရာရာခက်ခဲစေပါတယ်။

ဆယ်ကျော်သက် LGBT ဖြစ်ခြင်းဟာဘယ်လိုနေပါသလဲ။

LGBT လူအများစုအတွက်ကတော့ လူတိုင်းလူတိုင်းကိုသူတို့ကို Straight ဖြစ်ဖို့ မျှော်လင့်နေသလိုပါပဲ။ ဒါ့ကြောင့် ဂေးနဲ့ Lesbian ဆယ်ကျော်သက်တွေဟာသူတိို့စတင်ပြီးစိတ်ကူးယဉ်ဖွယ် ခံစားမှုတွေ၊ ချိန်းဆိုမှုတွေ၊ လိင်ကိစ္စတွေ စတင်ပြောကြားလာတဲ့အခါ ဆန် ့ကျင်ဘက်လိင်ကို ကြိုက်နှစ်သက်တဲ့ သူတို့ သူငယ်ချင်းတွေနဲ့ ကွဲပြားခြားနားနေသလိုခံစားရမှာပါ။

၂၀၁၂ လူ့အခွင့်အရေးစစ်တမ်းတစ်ခုက ၉၂%သော LGBT ဆယ်ကျော်သက်တွေဟာ Lesbian, gay, bisexual, transgender တွေ ဖြစ်ခြင်းနဲ့ ပတ်သက်ပြီးမကောင်းတဲ့ အရာတွေ ကြားဖူးကြတယ်လို့ ဖေါ်ပြပါတယ်။

LGBT ဆယ်ကျော်သက်တွေဟာသူတို့ရဲ့ အုပ်စု၊ မိသားစု၊ လူ့ပတ်ဝန်းကျင်မှာဝင်ဆံ့စေဖို့ သူတို့မခံစားရတာတွေကိုဟန်ဆောင်နေကြရပါတယ်။ သူတို့ဘယ်သူဆိုတာ ငြင်းဆန်နေရပြီးသူတို့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းကိုဖုံးကွယ်နေကြရပါတယ်လို့ ခံစားရကြပါတယ်။

အခြေအမြစ်မရှိတဲ့ အစွဲအလမ်းတွေ၊ ငြင်းပယ်ခံရမှုတွေ၊ အနိုင်ကျင့်ခံရမှုတွေကြောင့် သူတို့ကိုထောက်ခံပေးကောင်းပေးနိုင်မယ့် မိသားစုနဲ့ သူငယ်ချင်းတွေထံကတောင် လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိကြပါတယ်။

တချို့ ဂေး (သို့) Lesbian တွေဟာသူတို့နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းအချို့နဲ့ မိသားစုကိုတော့ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုအကြောင်းပြောပြတတ်ကြပါတယ်။ ဒါကိုပွင့်လာတယ်လို့ ခေါ်ပါတယ်။ ဒီလိုပွင့်လာတဲ့ LGBT ဆယ်ကျော်သက် အမြောက်အများဟာသူငယ်ချင်း၊ မိသားစုနဲ့ ပတ်ဝန်းကျင်အသို်င်းအဝိုင်းရဲ့ လုံးလုံးလက်ခံခြင်းကိုခံရကြပါတယ်။ လိင်တူ နှစ်သက်တာနဲ့ ပတ်သက်ပြီးသူတို့ကိုယ်သူတို့ စိတ်သက်သာရာရကြပါတယ်။

ဒါပေမယ့် လူတိုင်းကတော့ ထောက်ခံပေးတဲ့ အသိုင်းအဝိုင်းကိုမရကြပါဘူး။ LGBT ဆယ်ကျော်သက်တွေကိုလက်ခံပေးမှု များပြားလာပေမယ့် တချို့လူငယ်တွေမှာသူတို့ရဲ့ လိင်မှုဆိုင်ရာတိမ်းညွတ်မှုအကြောင်းကိုပြောပြစရာလူမရှိပါဘူး။ တချို့တွေကတော့ လက်ခံမပေးနိုင်တဲ့ မိသားစုအသိုင်းအဝိုင်းမှာနေကြရပါတယ်။

သူတို့ဘယ်သူဆိုတာအမြဲတမ်းဖုံးကွယ်နေရတဲ့သူတွေ (သို့) ခွဲခြားဆက်ဆံခံရမှု၊ အကြမ်းဖက်မှုတွေကိုကြောက်ရွံ့နေရတဲ့ လူတွေမှာစိတ်ရောဂါတွေဖြစ်တဲ့ စိုးရိမ်မှုနဲ့ စိတ်ကျမှုတွေ ခံစားရနိုင်ပါတယ်။ တချို့ နားလည်ပေးခြင်းမခံရတဲ့ LGBT ဆယ်ကျော်သက်တွေမှာကျောင်းထွက်နှုန်း၊ လမ်းပေါ်မှာနေထိုင်နှုန်း၊ အရက်၊ ဆေးသုံးစွဲနှုန်းနဲ့ မိမိကိုယ်ကိုထိခိုက်အောင် လုပ်နှုန်းပိုမိုများပြားပါတယ်။

လူတိုင်းမှာကျောင်း၊ ကောလိပ်၊ အားကစား၊ သူငယ်ချင်း၊ ဝင်ဆံ့မှုစတဲ့ စိုးရိမ်နေရတဲ့ အချိန်တွေ ရှိစမြဲပါပဲ။ LGBT ဆယ်ကျော်သက်တွေမှာတော့ ဒီစိုးရိမ် စိတ်တွေသာမကသူတို့ဘယ်သူဆိုတာဖုံးကွယ်နေရတဲ့ အလွှာတစ်ထပ်ပါ ထပ်ပြီးရှိနေနိုင်ပါတယ်။

ဒါဟာဂေးတိုင်းကိုတော့ မဆိုလိုပါဘူး။ ဂေးနဲ့ lesbian ဆယ်ကျော်သက် အတော်များများနဲ့ သူတို့ရဲ့ မိသားစုတွေမှာတခြားသူတွေထက်ပိုတဲ့ အခက်အခဲတွေ မရှိတော့ပါဘူး။

စကားပြောဆိုခြင်းရဲ့ အရေးပါမှု

ဘယ်သူမဆိုလိင်ကိစ္စနဲ့ လူချင်းပတ်သက်ဆက်နွယ်မှုတွေအကြောင်းသင်ယူရတာခက်ခဲပါတယ်။ သင့် မိဘဖြစ်စေ၊ တခြားမိသားစုဝင်ဖြစ်စေ၊ ရင်းနှီးတဲ့သူူငယ်ချင်းဖြစ်စေ၊ မောင်နှမချင်း ဖြစ်စေ၊ ကျောင်းကဆွေးနွေးပေးသူဖြစ်စေ၊ တစ်ယောက်ယောက်နဲ့ ကြီးထွားလာတဲ့ ခံစားချက်တွေအကြောင်းပြောဆိုခြင်းဟာအကျိုးရှိပါတယ်။

စကားပြောဆိုနိုင်မယ့် လူတစ်ယောက်ကိုရှာဖွေနိုင်ဖို့ကလည်းအမြဲမလွယ်ကူပါဘူး။ ဒါပေမယ့် လူအတော်များများဟာသူတို့ယုံကြည်တဲ့သူ (ဘယ်လိုတုံ့ပြန်မလဲမသေချာပေမယ့်)မှာယုံကြည်မှုထားရှိခြင်းဟာအပြုသဘောဆောင်တဲ့ အတွေ့အကြံုတစ်ခုဖြစ်ပါတယ်။

လူ့အသိုင်းအဝိုင်းအတော်များများမှာ LGBT တူညီတဲ့ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်တွေအတွက်အချင်းချင်းစကားပြောဆိုနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါပြီ။ စိတ်ပညာရှင်၊ စိတ်ရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်၊ လေ့ကျင့်ထားတဲ့ ဆွေးနွေးသူတွေဟာ ကြီးထွားလာတဲ့ လိင်စိတ်နဲ့ ပတ်သက်တဲ့ ခက်ခဲတဲ့ ခံစားမှုတွေကိုထိန်းချုပ်နိုင်စေဖို့ သီးသီးသန့်သန့် ကူညီိနိုင်ပါတယ်။ သူတို့ဟာရွယ်တူအချင်းချင်း ကြားမှာရှိတဲ့ ဖိအား၊ အနှောင့်အယှက်ပေးမှုနဲ့ အနိုင်ကျင့်ခံရမှုတို့ကိုကျော်ဖြတ်ဖို့ နည်းလမ်းတွေကိုလည်းရှာဖွေပေးနိုင်ပါတယ်။

သင်ဘယ်သူပဲဖြစ်နေပါစေ (gay, straight, bisexual) ခန္ဓာကိုယ်ပြောင်းလဲမှုတွေဟာပုံမှန်ရောဟုတ်ရဲ့လား၊ ဘယ်ကို ပြုမူနေထိုင်ရမလဲ၊ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုဘယ်လိုကာကွယ်ရမလဲအစရှိတဲ့ လိင်မှုဆိုင်ရာကျန်းမာရေးတွေနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာရင့်ကျက်လာမှုတွေအတွက် မေးခွန်းတွေ ရှိနေမှာပါ။ ဆရာဝန်၊ ဆရာမ၊ ဆွေးနွေးသူ (သို့) အခြားဗဟုသုတရှိတဲ့ လူကြီးတွေနဲ့ ဒီပြဿနာတွေကိုဆွေးနွေးခြင်းဟာအရေးကြီးပါတယ်။

ယုံကြည်မှုတွေဟာပြောင်းလဲနေပါပြီ။

အမေရိကန်နဲ့ ကမ္ဘာတစ်လွှားကနေရာတွေမှာလိင်မှုဆိုင်ရာတိမ်းညွတ်မှုနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေဟာပြောင်းလဲနေပါပြီ။ ဂေးဖြစ်ခြင်းဟာအရင်တုံးကလောက် အရေးကြီးခွင်ကျယ် မဟုတ်တော့ပါဘူး။ ကွဲပြားခြားနားတဲ့ လိင်မှုဆိုင်ရာတိမ်းညွတ်မှုတွေကိုလူတိုင်းကလက်မခံသေးပေမယ့် လူ့အခွင့်အရေးဆိုင်ရာစစ်တမ်းတစ်ခုကတော့ LGBT ဆယ်ကျော်သက်အများစုဟာသူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးအကောင်းမြင်စိတ် ရှိကြတယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly