ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအား အေပီသတင်းဌာနမှ အမှားပြင်ဆင်ချက် ပြန်လည်ဖော်ပြ

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအား အေပီသတင်းဌာနမှ အမှားပြင်ဆင်ချက် ပြန်လည်ဖော်ပြ
(ဓာတ်ပုံ - သူရ/မဇ္ဈိမ)

နေပြည်တော်တွင် နိုဝင်ဘာ ၂၀ ရက်က ကျင်းပသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့် ပတ်သက်ပြီး အမေရိကန်အခြေစိုက် အေပီသတင်းဌာနသည် မှားယွင်းစွာ ဖော်ပြမိသည်။

ယင်းနေ့ နောက်ပိုင်း တရားဝင် မိန့်ခွန်းထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်က “ကမ္ဘာအနှံ့က ပဋိပက္ခများသည် ခြိိမ်းခြောက်မှုသစ်များနှင့် အရေးပေါ်ပြဿနာများ၊ ခိုးဝင်ရွှေ့ပြောင်းမှုများ၊ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒများကို ဖြစ်ပေါ်ပြန့်နှံ့စေကြောင်း၊ လူအသိုင်းအဝိုင်း သမူဟကင်းမဲ့ခြင်းနှင့် နျူကလီးယားစစ် ခြိ်မ်းခြောက်မှုများကိုပင် ဖြစ်စေကြောင်း၊ ပဋိပက္ခများက လူ့အသိုင်းအဝိုင်းမှ ငြိမ်းချမ်းရေးကို ဖယ်ခွာကြောင်း၊ မဖွ့ံဖြိုးမှုနှင့် ဆင်းရဲမှုများကို ချန်ထားရစ်ပြီး ပြည်သူများ၊ နိုင်ငံများ တစ်ကွဲတစ်ပြားဖြစ်စေကြောင်း။” ပြောဆိုခဲ့ခြင်းဖြစ်သည်။

အေပီသတင်းဌာနက ယင်းပြောဆိုချက်ကို အောက်ပါအတိုင်း မှားယွင်းဖော်ပြခဲ့သည်။

ယင်းမှားယွင်းဖော်ပြသည့် သတင်းတွင် “ရွှေ့ပြောင်းခိုးဝင်သူများအရေးဖြင့် ကမ္ဘာသည် မတည်ငြိမ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”ဟု ခေါင်းစဉ်တပ်ထားသည်။

တရားမဝင် ရွှေ့ပြောင်းခိုးဝင်မှုများနှင့်အတူ အကြမ်းဖက်ဝါဒ ပြန့်နှံ့ခြင်းကြောင့် ကမ္ဘာသည် မတည်ငြိမ်မှုများ၊ ပဋိပက္ခများနှင့် ရင်ဆိုင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပြီး ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများကြောင့် ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ရာထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်လျက်ရှိစဉ် ၎င်းက  ယခုကဲ့သို့ ပြောခြင်းဖြစ်သည်ဟု အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

နေပြည်တော်သို့ ရောက်ရှိသော ဥရောပနှင့် အာရှ နိုင်ငံခြားရေးဝန်ကြီးများ ASEM အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ မိန့်ခွန်း ပြောကြားခြင်းဖြစ်သော်လည်း ဘင်္ဂါလီဒုက္ခသည်များ အစုအပြံုလိုက် ပြောင်းရွှေ့ခြင်းကို တိုက်ရိုက်ရည်ညွန်းပြောဆိုခြင်းတော့ မဟုတ်ဟုလည်း ယင်းသတင်းတွင် ဆိုထားသည်။

ထိုသို့ မှားယွင်းဖော်ပြမိသည့် သတင်းအား အေပီသတင်းဌာနက  အမှားပြင်ဆင် ပြန်လည်ဖော်ပြထားသည်ကို ယခုကဲ့သို့ တွေ့ရသည်။

“မတည်ငြိမ်မှုများကြောင့် ခိုးဝင်ရွှေ့ပြောင်းမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေဟု ဒေါ်အောင်ဆန်းစုကြည် ပြော”ဆိုကာ သတင်းခေါင်းစဉ်တပ်လျက် ဖော်ပြထားကြောင်း တွေ့ရသည်။

အဆိုပါ အမှားပြင်ဆင်ချက်သတင်းတွင် ကမ္ဘာကြီးက ခိုးဝင်ရွှေ့ပြောင်းသူများ၊ အကြမ်းဖက်ဝါဒအပါအဝင် ခြိမ်းခြောက်မှုသစ်များကို ဦးတည်စေသော မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဖော်ပြသည်။

ဘင်္ဂါလီမွတ်စလင်(ရိုဟင်ဂျာ)များ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်အောင် ပြုလုပ်သည်ဟု မြန်မာနိုင်ငံက စွပ်စွဲခံနေရချိန် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required