"ရွှေမန်းတောင် အားကစားကွင်း တိုက်ခန်း လူသတ်မှုကျူး လွန်ခဲ့သူ ဖမ်းမိ"

"ရွှေမန်းတောင် အားကစားကွင်း တိုက်ခန်း လူသတ်မှုကျူး လွန်ခဲ့သူ ဖမ်းမိ"
(ဓာတ်ပုံ၊အမှတ်(၂)နယ်မြေရဲစခန်း)

မန္တလေး၊နိုဝင်ဘာ ၂၁ ။           ။ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ရွှေမန်းတောင်အားကစားကွင်း တိုက်တန်း၊အခန်းအမှတ်(အီး-၂)တွင် နိုဝင်ဘာလ ၁၄ ရက်၊နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် လူသတ်မှုကျူးလွန်ခဲ့သူကို ယနေ့ နိုဝင်ဘာလ ၂၁ရက်၊မွန်းတည့် ၁၂ နာရီ၌ ဖမ်းဆီးရမိခဲ့သည်ဟု စုံစမ်းဖော်ထုတ်ရာတွင်ပါဝင်သည့် အမှတ်(၂)နယ်မြေရဲစခန်း၊စခန်းမှူး ရဲအုပ်မျိုးညွှန့်က ပြောသည်။

သေဆုံးသူ စိုင်းလုံသည် အခင်းဖြစ်ပွားသည့်တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်ခဲ့သူဖြစ်ပြီး ၎င်းသည်မိခင်နေထိုင်သည့် နေအိမ်ရှိရာသို့ နေ့စဉ် ထမင်းစားသွားရောက်သူဖြစ်ရာ သေဆုံးသည့်နေ့တွင် ထမင်းစားမလာရောက်သဖြင့် မိခင်မှသွားရောက်ကြည့်ရှု့ခဲ့ရာမှ သားဖြစ်သူ အခန်းတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်ပြီး အမှတ်(၂)နယ်မြေရဲစခန်းတွင် လူသတ်မှုဖြင့်အမှုဖွင့်ထားခဲ့ရာ လူသတ်မှုကျူးလွန်သူ အမြန်ဆုံးဖမ်းမိနိုင်ရေးအတွက် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းကာ စုံစမ်းဖော်ထုတ် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

"သူတို့က သေဆုံးသူရဲ့အခန်းမှာ အတူတူအိပ်ကြရင်း စကားများကြတယ်။ အဲ့ဒီမှာ စကားများကြရင်း သေဆုံးသူစိုင်းလုံက ပုလင်းနဲ့ သူ့လက်ကိုလှီးလို့ စိတ်တိုပြီး ပလင်းကွဲကိုလုပြီး လည်ပင်းထိုးလိုက်တာလို့ ကနဦးစစ်ဆေးပေါ်ပေါက်ထားတယ်"ဟုရဲအုပ်မျိုးညွှန့်ကပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သူ အသက် ၂၂ နှစ်အရွယ်ရှိ စောကညာထူး (ခ)ကရင်လေးကို (ပ)၃၂၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှတ်(၂)နယ်မြေ ရဲစခန်းတွင် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required