ထိုင်းတွင် တရုတ် ဝီဂါမွတ်စလင်များ အချုပ်စခန်းမှ ထွက်ပြေး၍ လိုက်လံရှာဖွေနေ

ထိုင်းတွင် တရုတ် ဝီဂါမွတ်စလင်များ အချုပ်စခန်းမှ ထွက်ပြေး၍ လိုက်လံရှာဖွေနေ

ဘန်ကောက်၊ နိုဝင်ဘာ ၂၁ ။            ။ ထိုင်းနိုင်ငံတောင်ပို်င်းက လူဝင်မှုကြီးကြပ်ရေး အချုပ်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်မှ ဝီဂါမွတ်စလင် ၂၀ ထွက်ပြေးလွတ်ထွက်သွားခြင်းအတွက် ထိုင်းအာဏာပိုင်များက နိုဝင်ဘာ ၂၁ ရက်တွင် လိုက်လံရှာဖွေနေရလျက်ရှိသည်။

ထိုဝီဂါမွတ်စလင်များအနေဖြင့် မလေးရှားနိုင်ငံ နယ်စပ်အရောက် ထွက်ပြေးသွားလိမ့်မည်ဖြစ်ကြောင်း ရဲဌာနက ယူဆထားသည်။

ထိုင်းတောင်ပိုင်း နယ်စပ်အနီးက ဆာဒါအိုအရပ်ရှိ ယင်းအချုပ်စခန်းတွင် နံရံမှ အပေါက်ငယ် နှစ်ခုမှနေကာ ချဲ့ထွင်းဖောက်ယူလျက် ၎င်းဝီဂါမွတ်စလင်များက လွတ်မြောက်သွားခြင်းဖြစ်သည်ဟု ရဲက ပြောသည်။ ၎င်းတို့သည် နံရံကို တွယ်တက်ရန် စောင်များကို အသုံးပြုခဲ့ပြီး မိုးသည်းထန်ခြင်းကလည်း ၎င်းတို့၏ အချုပ်ဖောက်မှုကို အလေးသာသွားစေသည်။

၎င်းတို့သည် တူရကီနိုင်ငံသားများဖြစ်သည်ဟု ထွက်ဆိုထားခြင်းအပေါ် သံသယရှိ အငြင်းပွားကာ ၂၀၁၄ ခုနှစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းထားသူများ ဖြစ်သည်။

တူရကီနိုင်ငံအနေဖြင့် ဝီဂါမွတ်စလင်များနှင့် တိုင်းရင်းမျိုးနွယ် စပ်ယှက်လျက်ရှိပြီး ၎င်းမွတ်စလင်များအား ဖိနှိပ်သည်၊ ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို တင်းကြပ်သည်ဆိုသော တရုတ်နိုင်ငံမှ ထွက်ပြေးလာလျှင် လက်ခံလေ့ရှိသော နိုင်ငံဖြစ်သည်။

ထွက်ပြေးသွားသူများမှ ငါးဦးကို ၎င်းတို့၏ နိုဝင်ဘာ ၂၀ ရက် အာရုဏ်တက်ချိန် အချုပ်ခန်းဖောက်ပြေးပြီး မကြာမတင်မှာပင် ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဆိုသည်။

“အယောက် ၂၀ ကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ သူတို့မှာ စားစရာ ရှိမှာ မဟုတ်ဘူး။ ကျေးရွာသူ ရွာသားတွေနဲ့လည်း ဆက်သွယ်ပြောဆိုနိုင်ကြမှာ မဟုတ်ဘူး။ သူတို့အနေနဲ့ မလေးရှားကိုပဲ ရောက်အောင်သွားဖို့ စိတ်ကူးရှိလိမ့်မယ်။ ဒါပေမယ့် သူတို့ကိုလည်း မကြာမီမှာ ဖမ်းဆီးမိမှာပါ။”ဟု လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချန်ဂါရွန်က အေအက်ဖ်ပီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly