တွံတေးတူးမြောင်းကို အမေရိကန်ဒေါ်လာ သန်း(၇၀)အသုံးပြု ထိန်းသိမ်းမည်

တွံတေးတူးမြောင်းကို အမေရိကန်ဒေါ်လာ သန်း(၇၀)အသုံးပြု ထိန်းသိမ်းမည်

ရန်ကုန်၊နိုဝင်ဘာ၂၁ ။           ။ မြေပြိုကျမှုဖြစ်ပွားနေသည့် တွံတေးတူးမြောင်းကမ်းပါးအတွက် ဘတ်ဂျက်ချပေးကာ မြေထိန်းနံရံတည်ဆောက်ခဲ့သော်လည်း မြေပြိုသည့်နေရာများ ကျန်ရှိနေသဖြင့် ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း(၇၀)ဖြင့် တွံတေးတူးမြောင်းအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ထိန်းသိမ်းသွားမည်ဟု တွံ့တေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောသည်။

"ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝန်ကြီးဒေါ်နီလာကျော်ကပြောထားပါတယ်။ ဒီဟာကို အမေရိကန်ဒေါ်လာသန်း(၇၀)လောက်ပေါ့နော် ။။အဲဒီတစ်ခုလုံးကို မာစတာပလန်ချပြီးလုပ်မယ်လို့ ပြောပါတယ်"ဟု ဦးနေနိုင်ဦးက ဆိုသည်။

ယခင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင်ရန်အတွက် လွှတ်တော်မှဘတ်ဂျက်ကျပ် သန်း ၈၀ကျော် ချထားပေးခဲ့သဖြင့် မြေထိန်းနံရံတည်ဆောက်ခဲ့ရာ   မြေသားကြံ့ခိုင်မှုရှိသည့်နေရာများအတွက် ကောင်းမွန်ခဲ့သည်။ သို့သော်၄င်းအိုးဘိုအနောက်ရပ်ကွက်ဘက်ခြမ်းတွင် မြေသားမခိုင်ခံသဖြင့် ပြိုကျရခြင်းဖြစ်သည်ဟု ဆိုသည်။

"တူးမြောင်းကကမ်းပြိုနေတာပဲလေ။ အဲဒီအောက်ကမြေကြီးတွေရဲ့ကြံ့ခိုင်မှုမရှိဘူးပေါ့ ။ အဲဒါကြောင့်မို့ ဒီRetinue(မြေထိန်းနံရံ)ဆောက်ထားတဲ့နေရာက ပြန်အက်ပြီးတော့ပြိုကျသွားတာ ။ အဲဒါကတော့ဘာကြောင့်လဲဆိုတာပညာရှင်ပဲသိလိမ့်မယ်"ဟု တွံ့တေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောသည်။

တွံတေးတူးမြောင်းသည် ယခုကဲ့သို့ မြေပြိုကျနေသည်မှာ လွန်ခဲ့သည့်နှစ်နှစ်မှ စတင်ဖြစ်ပွားနေသည်။

ယမန်နေ့ (၂၀၁၇)ခုနှစ် နိုဝင်ဘာလ(၂၀) ရက်နေ့ ည(၁)နာရီအချိန်၌လည်း တွံတေးမြို့နယ်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသော အိုးဖိုအနောက် ရပ်ကွက်၊ လွှစင်လမ်းဘေးရှိ တွံတေးတူးမြောင်း ရေတိုက်စားကာ မြေထိန်းနံရံပြိုကျခဲ့သည်။

ထို့အတွက် မြေထိန်းနံရံအနီး နေထိုင်သည့် နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ အမျိုးသား(၂၁)ဦး၊ အမျိုးသမီး(၂၂)ဦး စုစုပေါင်း လူဦးရေ(၄၃)ဦးတို့သည် မူလနေထိုင်သည့် အိမ်များမှစွန့်ခွာကာ ပြောင်းရွေ့နေထိုင်ခဲ့ရသည်။

အဆိုပါ မြေပြိုကျမှုကြောင့် ပြောင်းရွေ့နေထိုင်ရသည့် အိမ်ထောင်စု(၇)စုအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးအဖွဲ့တို့မှ ထောက်ပ့ံကြေးပေးအပ်ထားသည်ဟု ဆိုသည်။

ထိုကဲ့သို့ မြေပြိုကျမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်ဟု တွံ့တေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required