ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်လာရေး သဘောတူညီချက် အမြန်ဆုံးရရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်လာရေး သဘောတူညီချက် အမြန်ဆုံးရရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
ဓာတ်ပုံ-AFP
 

နိုဝင်ဘာ ၂၁ ။           ။ ဘင်္ဂလားဒေ့ရှ်နဲ့အကြား ယခုသီတင်းပတ်အတွင်းလုပ်ဆောင်မယ့် ဆွေးနွေးညှိနှိုင်းမှုတွေကနေတဆင့် ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေး သဘောတူညီချက်တစ်ရပ် ရရှိလိမ့်မယ်ဆိုပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်နေလျက်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို ၎င်းတို့သဘောဆန္ဒအလျောက်နဲ့ ဘေးကင်းစွာ နေရပ်ပြန်လာနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ် ရရှိဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မျှော်လင့်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းဆောင်ရွက်မှုတွေကြောင့် ဘင်္ဂါလီ မွတ်ဆလင် ၆၀၀,၀၀၀ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဥပဒေမဲ့ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုပြီးတော့လည်း လူ့အခွင့်အရေးအုပ်စုတွေက စွပ်စွဲခဲ့ပါသေးတယ်။

" အဲဒါမျိုးတွေ တကယ်ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့သလားဆိုတာနဲ့ပတ်သက်လို့ ကျွန်မတို့ မပြောနိုင်ပါဘူး၊ အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့ ပြောရရင် ဒါမျိုး မဖြစ်အောင်လို့ ကျွန်မတို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်" ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ကျင်းပတဲ့ ASEM အဆင့်မြင့်အစည်းအဝေးတစ်ခုအပြီး သတင်းထောက်တွေကို ပြောသွားပါတယ်။

လက်ရှိ ရခိုင်အရေးမှာ အစိုးရရဲ့ တုန့်ပြန်ကိုင်တွယ်ပုံနဲ့့ နိုင်ငံတကာဝေဖန်သံတွေ ထွက်ပေါ်ထားခဲ့ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုဝင်ဘာ ၂၂ ရက်၊ ၂၃ ရက်တို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံဆီ ပြန်လာချင်နေကြတဲ့ ဘင်္ဂါလီတွေရဲ့ လျှောက်ထားမှုတွေကို ဘယ်လိုစိစစ်လက်ခံမလဲ ဆိုတာနဲ့ပတ်သက်လို့ နှစ်နိုင်ငံစလုံးက တာဝန်ရှိသူတွေအနေနဲ့ ပြီးခဲ့တဲ့လကတည်းက စတင်ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။

" ဒီ ဆွေးနွေးမှုကနေ MOU တစ်ရပ် အမြန်ဆုံး လက်မှတ်ထိုးနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ အဲဒီ သဘောတူညီချက်ရမှလည်း တစ်ဘက်နိုင်ငံဘက် ထွက်ပြေးသွားသူတွေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရေး ကျွန်မတို့ စလုပ်ပေးလို့ ရနိုင်မှာ ဖြစ်ပါတယ်" ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ၁၉၉၀ ပြည့်နှစ်က ရရှိထားခဲ့တဲ့ သဘောတူညီချက်တစ်ခုရဲ့ မူဘောင်အတိုင်း မြန်မာအစိုးရအနေနဲ့ လိုက်လံလုပ်ဆောင်သွားမယ်လို့လည်း သူမက ပြောပါတယ်။ " အဲဒါကတော့ နေထိုင်မှုအပေါ် အခြေခံပါတယ်၊ လွန်ခဲ့တဲ့ကာလကြာကတည်းက ဒါကို နှစ်နိုင်ငံအစိုးရတွေ သဘောတူထားပြီး ဖြစ်ပါတယ်၊ ဒါကြောင့် ဒီဖော်ဖြူလာအတိုင်း ကျွန်မတို့ ဆက်လုပ်သွားမှာပါ" လို့ သူမက ဆိုပါတယ်။

ဒုက္ခသည်များ မူလနေရပ်ပြန်ပို့ရေး သဘောတူညီချက်တစ်ခု ထွက်ပေါ်လာအောင် လုပ်ဖို့အတွက် နှစ်နိုင်ငံအကြား အစောပိုင်းဆွေးနွေးမှုတွေအတွင်း ပမာဏ သဘောတူထားခဲ့ပေမယ့်လည်း ယင်းနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်တို့အနေနဲ့ ဒုက္ခသည်တွေ လက်ခံပေးထားပြီးတော့ ပြည်ပအေဂျင်စီတွေရဲ့အကူအညီ အထောက်အပံ့တွေ ရချင်တာကြောင့် အချိန်ဆွဲနေတယ်ဆိုပြီး မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက စွပ်စွဲခဲ့ပါတယ်။

ခုလက်ရှိအချိန်မှာတော့ နှစ်နိုင်ငံအကြား သဘောတူညီချက်ရဖို့ အချိန်မည်မျှ နီးကပ်နေပြီလဲ ဆိုတာ ပြောဖို့က ခက်နေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ် လုံခြံုရေးအတွက် အစိုးရအနေနဲ့ တတ်စွမ်းသမျှ ဆောင်ရွက်နေလျက်ရှိကြောင်း၊ ဒါပေမယ့်လည်း ယင်းဒေသ ပြဿနာကို အချိန်ယူဖြေရှင်းရမှာ ဖြစ်ကြောင်း ၎င်းက ပြောကြားသွားပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်နေ ပြန်လာမယ့် ဒုက္ခသည်အများစုကို ၎င်းတို့မူလပိုင်ဆိုင်ခဲ့တဲ့ မြေနေရာထက်စာရင် စံပြကျေးရွာသစ်တွေမှာ ပြောင်းလဲနေရာချထားပေးဖို့ မြန်မာအစိုးရက ရည်ရွယ်ထားတယ်လို့ သိရပြီး ယင်း ရည်ရွယ်ချက်ဟာ အမြဲတမ်း ဒုက္ခသည်စခန်းတွေ ဖန်တီးဖို့ ကြိုးစားခြင်းဆိုပြီး ကုလသမဂ္ဂက ပြစ်တင်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly