လူရွှင်တော်အောင်သော် ၂၄နာရီ ကယ်ဆယ်ရေးအသင်းထောင်

လူရွှင်တော်အောင်သော် ၂၄နာရီ ကယ်ဆယ်ရေးအသင်းထောင်

ရန်ကုန်၊ နိုဝင်ဘာလ ၂၁ ။            ။ 5 Star ဟာသဖျော်ဖြေရေးအဖွဲ့မှ လူရွှင်တော်အောင်သော် ဦးစီးတည်ထောင်ထားသော မဇ္စျိမလူမှုကယ်ဆယ်ရေး အသင်းမှ ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့နှင့် အမှတ်(၃)လမ်းဆုံတွင် ၂၄ နာရီအခမဲ့ ကူညီပေး နေပြီဖြစ်ကြောင်း မဇ္စျိမလူမှုကယ်ဆယ်ရေးအသင်းမှ မြောက်ပိုင်းအခြေပြုအဖွဲ့ တာဝန်ခံ ဦးကျော်စွာဝင်းက မဇ္စျိမသို့ ပြောသည်။

အဆိုပါ လူမှုကယ်ဆယ်ရေးအသင်းသည် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစတင်ပြီး အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့နှင့် အမှတ် ၃ လမ်းဆုံတွင် ကူညီပေးနေခြင်းဖြစ်ပြီး  ည ရ နာရီ ဂျူတီယူစဉ်အချိန်မှစ၍ လူမျိုးဘာသာမရွေး ၂၄ နာရီ အကူအညီတောင်းနိုင်ကြောင်း သိရသည်။

ထို့ပြင် မြောက်ဥက္ကလာပနယ်မြေအတွင်းညအချိန်လူနာတင်ယာဉ်လိုအပ်ချက်အရ သုဓမ္မာလမ်းမကြီး တစ် လျှောက်နေ့စဉ် ညပိုင်း ၈ နာရီမှ နံနက် ၆ နာရီထိ စောင့်ဆိုင်းကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 “ ဒီဘက်မှာက ယာဉ်တိုက်မှုတွေက အချိန်နဲ့ အမျှ ကြားနေရတာလေ။ ကူညီပေးနေတဲ့ တခြားအဖွဲ့ အစည်း တွေလည်း ရှိတယ်။ ဒါပေမယ့် သူတို့ နေရာနဲ့ သူတို့ တာဝန်ယူပြီး လာကြတာဆိုတော့ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ဒီနေရာတွေမှာ အခြေပြုပြီးတော့ ကူညီစောင့်ရှောက်ပေးနိုင်ဖို့ကို စောင့်ဆိုင်းနေတာပါဗျ။ ကူညီ ပေးမယ့်အချိန်ကာလတော့ သတ်မှတ်မထားပါဘူး။ ဘယ်လိုအချိန််မျိုးဖြစ်ဖြစ် ဘယ်လိုအခက်အခဲဖြစ်ဖြစ်၊ အရေးပေါ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်။ တတ်နိုင်သမျှ အကူအညီပေး သွားဖို့ အသင့်ပါ”ဟု ဦးကျော်စွာဝင်းက ပြောသည်။

အဆိုပါ မဇ္စျိမလူမှုကယ်ဆယ်ရေးအသင်းကို လူရွှင်တော်အောင်သော်က စက်တင်ဘာလအတွင်း ဦးစီး တည် ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြောက်ပိုင်းအဖွဲ့( မြောက်ဥက္ကလာပအခြေပြုအဖွဲ့)နှင့် အနောက်ပိုင်းအဖွဲ့ (လှိုင်သာယာအခြေပြုအဖွဲ့) နှစ်ဖွဲ့ခွဲပြီး စောင့်ဆိုင်းကူညီပေးနေကြောင်း သိရသည်။

မဇ္စျိမလူမှုကယ်ဆယ်ရေးအသင်းမှာ လူအင်အား ၆ဝ ခန့်ဖြင့် ကူညီပေးနေခြင်းဖြစ်ပြီး အရေးပေါ်လူနာတင် ယာဉ်နှင့် အရေးပေါ် အကူအညီတောင်းခံလိုပါက  ဝ၉ - ၄၂၄ ၉၉၉၉ ဝ၂ နှင့် ဝ၉- ၄၂၄ ၉၉၉၉ ၂ဝ သို့ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly