၂၀၁၇ ခုနှစ်အတွက် ဂီတလောက၏ဝင်ငွေအကောင်းဆုံး အမျိုးသမီးအဆိုရှင်ဖြစ်လာသည့် ဘီယွန်စေး

၂၀၁၇ ခုနှစ်အတွက် ဂီတလောက၏ဝင်ငွေအကောင်းဆုံး အမျိုးသမီးအဆိုရှင်ဖြစ်လာသည့် ဘီယွန်စေး

 

ဘီယွန်းစေးသည် သူမ၏အောင်မြင်သော အယ်လ်ဘမ်ဖြစ်သည့် Leomonade နှင့် ကမ္ဘာပတ်ဖျော်ဖြေပွဲများမှ ရရှိလာသောဝင်ငွေများကြောင့် အခြားနာမည်ကြီးအမျိုးသမီးအဆိုရှင်များဖြစ်ကြသော အဒဲလ်နှင့် တေလာဆွစ် တို့ကိုကျော်ဖြတ်ကာ ၂၀၁၇ ခုနှစ်အတွက် ဂီတလောက၏ဝင်ငွေအကောင်းဆုံး အမျိုးသမီးအဆိုရှင်ဖြစ်လာ ကြောင်း Forbes မဂ္ဂဇင်းမှ တနင်္လာနေ့ကထုတ်ပြန်ခဲ့သော စာရင်းအရသိရသည်။

R&B အဆိုတော်ဘီယွန်စေးသည် သူမ၏တေးအယ်လ်ဘမ်ရောင်းချရမှုနှင့် Formation ဟုခေါင်းစဉ်ပေးထား သော ကမ္ဘာပတ်ဖျော်ဖြေပွဲတို့မှ ၀င်ငွေဒေါ်လာ ၁၀၅ သန်းခန့်ရရှိခဲ့ကြောင်း Forbes က ဖော်ပြခဲ့သည်။ ဒါ့အပြင် သူမပိုင်ဆိုင်သော Ivy Park ဖက်ရှင်လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများမှလည်း ၀င်ငွေရရှိခဲ့သည်။

Forbes မှ ထုတ်ပြန်ခဲ့သော ၀င်ငွေအကောင်းဆုံးအမျိုးသမီးအဆိုရှင်စာရင်း၌ ၀င်ငွေဒေါ်လာ ၆၉ သန်းခန့်ရရှိခဲ့ သော ဗြိတိန်အဆိုတော်အဒဲလ်က ဒုတိယနေရာမှ ရပ်တည်လျက်ရှိသည်။

ပြီးခဲ့သောနှစ်ကဝင်ငွေဒေါ်လာသန်း ၁၇၀ ဖြင့် နံပါတ်တစ်နေရာမှရပ်တည်ခဲ့ဖူးသော တေလာဆွစ်သည် ယခုနှစ် တွင် ၀င်ငွေဒေါ်လာ ၄၄ သန်းသာရရှိခဲ့ပြီး တတိယနေရာ၌ ရပ်တည်နေသည်။

ဒါ့အပြင်စာရင်း၏နံပါတ် ၄ နေရာ၌ ၀င်ငွေဒေါ်လာ ၄၂သန်းရရှိခဲ့သော နာမည်ကျော်ကနေဒါအဆိုတော် စလင်းဒီယွန်က ရပ်တည်နေသည်။ ပြီးခဲ့သော ၂၀၁၆ခုနှစ် ဇန်နဝါရီလက သူမ၏ခင်ပွန်းဖြစ်သူ ရီနီအန်ဂျယ်လီ ကွယ်လွန်ခဲ့သောကြောင့် စလင်းဒီယွန်သည် ခေတ္တအနားယူနေခဲ့ရာမှ ယခုအခါတွင် အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခြင်းဖြစ်သည်။

Forbes မဂ္ဂဇင်းသည် လွန်ခဲ့သော ၂၀၁၆ ဇွန်လမှ ၂၀၁၇ အထိ အခွန်မဆောင်မီရရှိသော ၀င်ငွေများကို တွက်ချက်ကာ အဆိုတော်များ၏ မန်နေဂျာများ၊ အေဂျင့်များနှင့် ရှေ့နေများကို အင်တာဗျူးပြီး ယခုလိုစာရင်း ပြုစုခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required