မဲခေါင်ဒေသတွင်းတိုင်းရင်းဆေးပြပွဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်လာရောက်လေ့လာ

မဲခေါင်ဒေသတွင်းတိုင်းရင်းဆေးပြပွဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်လာရောက်လေ့လာ

ရန်ကုန်၊နိုဝင်ဘာ၂၁ ။           ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ တိုင်းရင်းဆေးပြပွဲတွင် ပြည်ပတိုင်းရင်းဆေးပြခန်း (၅)ခုပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း လေ့လာကြည့်ရှုခဲ့သည်။

မဲခေါင်ဒေသတွင်းနို်င်ငံများဖြစ်သည့် မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ထိုင်းနှင့် ဗီယက်နမ် မှ တိုင်းရင်းဆေးများနှင့် ကုထုံးများကို ပြသသည့်ပွဲဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

မဲခေါင်ဒေသတွင်းနိုင်ငံများ (၈)ကြိမ်မြောက် တိုင်းရင်းဆေးပြပွဲကို နိုဝင်ဘာ၂၁ရက်နေ့မှ ၂၄ရက်နေ့အထိ ရန်ကုန်မြို့တပ်မတော်ခန်းမတွင် ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။

ပထမအကြိမ်၊ ဒုတိယအကြိမ်၊ ပဥ္စမအကြိမ်နှင့် သတ္တမအကြိမ်တို့ကို ထိုင်းနိုင်ငံ၌ ကျင်းပခဲ့ပြီး တတိယအကြိမ်၊ စတုတ္တနှင့် ဆဌမအကြိမ်တို့ကို တရုတ်နိုင်ငံတွင် ကျင်းပခဲ့ပြီးဖြစ်သည်။

အဆိုပါပြပွဲသို့ လာရောက်ကြည့်ရှုသူများအား အရိုးပါး၊ အရိုးပွနှင့် ဆီးချို၊ သွေးချိုဝေဒနာရှိမရှိကို ရန်ကုန်မြို့တပ်မတော်ခန်းမအတွင်း ဆိုင်ခန်းများဖွင့်လှစ်ကာ အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်သည်။

ထို့အပြင် တိုင်းရင်းဆေးနည်းများဖြင့် အခြားသောရောဂါများကိုလည်း အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ထင်ရှားကျော်ကြားခဲ့သော တိုင်းရင်းဆေးဆရာ (၁၄)ဦး၏ ပြကွက်များ၊ စာပေဟောပြောပွဲများ၊ ပရဆေးဥယျာဉ်ပြကွက်များကိုလည်း လေ့လာနိုင်ရန် ပြသထားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် မဲခေါင်ဒေသတွင်းနိုင်ငံများ တိုင်းရင်းဆေးပြပွဲ အဌမအကြိမ်ကို မြန်မာနိုင်ငံ ပြည်တွင်းရှိ တိုင်းရင်းဆေးထုတ်လုပ်ရောင်းချနေသည့် ဆေးတိုက်ပေါင်း (၃၄)တိုက်နှင့် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ ပြခန်း (၆)ခန်း၊ ဆိုင်ခန်းစုစုပေါင်း (၁၁၀) ပါဝင်ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required