သူရဦးရွှေမန်းကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့် ပြင်ဆင်မှုအပေါ် ဝန်ကြီးဟောင်းဦးစိုးသိမ်း ကန့်ကွက်

သူရဦးရွှေမန်းကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့် ပြင်ဆင်မှုအပေါ် ဝန်ကြီးဟောင်းဦးစိုးသိမ်း ကန့်ကွက်
လက်ရှိ အမျိုးသားလွှတ်တော်အမတ်ဖြစ်သူ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်း

နေပြည်တော်(နိုဝင်ဘာ ၂၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူနေသည် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပြင်ဆင်သတ်မှတ်ခြင်းကို သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သူ ဦးစိုးသိမ်းက သဘောမတူဘဲ ကန့်ကွက်လိုက်သည်။

သူရဦးရွှေမန်း ဦးဆောင်သည့် ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာအား ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ယနေ့ နိုဝင်ဘာ ၂၁ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့သည်။

ပြင်ဆင်၊ သတ်မှတ်လိုက်သည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ ကော်မရှင်သည် တည်ဆဲဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နဲ့ အသစ်ပြဌာန်းရန် သင့်သော ဥပဒေများကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။

ထို့ပြင် ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှုရှိပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ဖြစ်ထွန်းစေမည့် ဥပဒေကြမ်းများကို ရေးဆွဲပြုစု၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။

ယခင်က “ဥပဒေကြမ်းများကို ရေးဆွဲပြုစုတင်ပြရမည်” ဟူသည့် သတ်မှတ်ချက်ကို “ဥပဒေကြမ်းများကို ရေးဆွဲပြုစု၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်” ဟူ၍ ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

အထက်ပါအချက်ကို သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သူ ဦးစိုးသိမ်းက “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဥပဒေရေးဆွဲခြင်းကို ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များမှ လည်းကောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကလည်းကောင်းသာ တင်သွင်းခွင့်ရှိပါတယ်။ ဒါကြောင့် အဆိုပါ ကော်မရှင်အနေနဲ့ ဥပဒေကြမ်းများကို ရေးဆွဲပြုစုခြင်းဟာ သူက ရေးဆွဲလို့မရဘဲနဲ့ အကြံပြုခြင်းသာ ဖြစ်နိုင်ကြောင်း ဒါကြောင့် ကျွန်တော့အနေနဲ့ သဘောမတူကြောင်း” လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ထိုသို့ ဝန်ကြီးဟောင်း ဦးစိုးသိမ်း၏ ကန့်ကွက်မှုအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က “ယနေ့ ဖြည့်စွက်လိုက်တာက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဆိုတာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်လို့ ပြည်ထောင်စုလွှတ်တော်ကို တာဝန််ခံရမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုပဲ တင်ပြခိုင်းထားတာ ဖြစ်ပါတယ်” ဟု ချေပပြောဆိုသည်။

ဦးဝင်းမြင့်က အထက်ပါအတိုင်း ချေပပြောဆိုပြီးနောက် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းက ပြင်ဆင်သတ်မှတ်ချက်ကို သဘောတူကြောင်း လွှတ်တော်သို့ ထပ်မံတင်ပြသည့်အတွက် ပြင်ဆင်သတ်မှတ်ချက်များကို လွှတ်တော်က သဘောတူသည်ဟု နာယက မန်းဝင်းခိုင်သန်းက ကြေငြာခဲ့သည်။

ပြင်ဆင်ချက်များအနက် ကော်မရှင်သည် ဥပဒေကြမ်းရေးဆွဲခြင်းအတွက် ပြည်ထောင်စုလွှတ်တော်၏ တာဝန်ပေးချက်အရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သလို လွှတ်တော်နာယကက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံလာသည့်အခါတွင်လည်း အကြံပြုချက် ပေးရမည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယကဟောင်းဖြစ်သူ သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ၂၀၁၆ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly