အီရတ်၌ IS တို့အရေးနိမ့်အပြီးတွင် ၄င်းတို့၏တပ်ဖွဲ့များကို ပြန်ရုတ်မည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့ပြောဆို

အီရတ်၌ IS တို့အရေးနိမ့်အပြီးတွင် ၄င်းတို့၏တပ်ဖွဲ့များကို ပြန်ရုတ်မည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့ပြောဆို

 

ဘေရွတ်၊ လက်ဘနွန်၊ နိုဝင်ဘာ ၂၁ ။                       ။ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့သည် အီရတ်နိုင်ငံအတွင်းရှိ ၄င်းတို့၏နောက်ဆုံးပိတ် မြို့ပြအမာခံနယ်မြေ ဖြစ်သော ရာဝါမြို့ကိုဆုံးရှုံးသွားပြီဖြစ်တာကြောင့် အီရတ်နိုင်ငံအတွင်း၌ တပ်ကူပေးရန်စေလွှတ်ထားသော သူတို့၏တပ်ဖွဲ့များကို ပြန်ရုတ်သိမ်းမည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Hassan Nasrallah က တနင်္လာနေ့က ပြောခဲ့သည်။

ရုပ်သံမှတဆင့်ထုတ်လွှင့်ခဲ့သော မိန့်ခွန်းထဲ၌ Nasrallah က ဟစ်ဇ်ဘိုလာအဖွဲ့သည် အီရတ်နိုင်ငံအတွင်း၌ ၄င်းတို့၏ တပ်မှူးအများအပြားကို တပ်ဖြန့်ချထားကြောင်း ပြောခဲ့သည်။

“ဒီကိစ္စတွေအားလုံးပြီးပြတ်ပြီး ကျုပ်တို့ညီအစ်အကိုတွေကိုမလိုအပ်တော့ဘူးဆိုရင် သူတို့ကိုလိုအပ်တဲ့နေရာမှာ တပ်ဖြန့်ချထားဖို့ ပြန်ခေါ်သွားမှာဖြစ်ပါတယ်” ဟု Nasrallah က ပြောခဲ့သည်။

ဆက်လက်ပြီး Nasrallah က သူ၏အဖွဲ့သည် ယီမင်၊ ဘာရိန်းနှင့်ကူဝိတ်နိုင်ငံများအပါ၀င် ပဋိပက္ခများဖြစ်ပွား လျက်ရှိနေသောနိုင်ငံများသို့ လက်နက်များထောက်ပံ့ပို့ဆောင်ပေးနေသည်ဆိုသော သတင်းများကိုလည်း ငြင်းဆန်ခဲ့သည်။

“ကျနော်ဒီစွပ်စွဲချက်ကို တရားဝင်ငြင်းဆိုချင်ပါတယ်။ ကျနော်တို့ ယီမင်၊ ဘာရိန်း၊ ကူဝိတ်နဲ့ အီရတ်နိုင်ငံတို့ကို လက်နက်တွေ ဘယ်တုန်းကမှ မပို့ဖူးခဲ့ပါဘူး” ဟု သူက ထိုရုပ်သံမိန့်ခွန်းထဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required