မူဂါဘီအား စွပ်စွဲအရေးယူရန် အာဏာရပါတီ စီစဉ်

မူဂါဘီအား စွပ်စွဲအရေးယူရန် အာဏာရပါတီ စီစဉ်

 

ဟာရာရီ၊ နိုဝင်ဘာ ၂၁ ။         ။ ဇင်ဘာဘွေသမ္မတ မူဂါဘီအား လွှတ်တော်မှတစ်ဆင့် စွပ်စွဲအရေးယူရေးအတွက် အာဏာရပါတီ ZANU-PF ပါတီခေါင်းဆောင်များက စတင်စီစဉ်လျက်ရှိပြီဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဇင်ဘာဘွေတွင် မတည်မငြိမ်ပဋိပက္ခများ ဖြစ်ပွားခြင်း အဆုံးသတ်ရေးအတွက် သမ္မတရာထူးမှ ဆင်းပေးရေး ရက်သတ်မှတ်ချက်အပေါ် မူဂါဘီက မျက်ကွယ်ပြုခြင်းကြောင့် ယခုကဲ့သို့ ပါတီက ဆုံးဖြတ်လာခြင်း  ဖြစ်သည်။

နိုဝင်ဘာ ၂၁ ရက်တွင် မူဂါဘီအား လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုအား မဲခွဲကာ စွပ်စွဲအရေးယူသွားမည်ဖြစ်ကြောင်း ပါတီပြောခွင့်ရသူ စီမွန်က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သည်။

လွှတ်တော် ကိုယ်စားပြု ပါတီအဖွဲ့ဝင် ၂၆၀ တွင် ၃၀ မှလွဲ၍ မူဂါဘီအား အရေးဆိုရေးကို ပါတီအစည်းအဝေးတွင် ထောက်ခံထားကြသည်။

သမ္မတ ကတော် ဂရေ့မူဂါဘီအား ဇင်ဘာဘွေတွင် အထင်ကရ တစ်နေရာရရန် လမ်းကြောင်းဖော်ဟန်ရှိသည့် ဒုတိယသမ္မတ အမ်မာဆန်မန်နန်ဂါဝါအား ရာထူးမှ ဖြုတ်ချလိုက်ခြင်း ဖြစ်ပွားပြီးနောက် ယခုလအစောပိုင်းမှ စကာ တင်းမာမှုများ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က မူဂါဘီကို နေအိမ်အကျယ်ချုပ် ချပြီးနောက် ရက်ပိုင်းအတွင်း ရုပ်သံမိန့်ခွန်းပြောကြားရာတွင် အသက် ၉၃ နှစ်ရှိ သမ္မတ မူဂါဘီက ရာထူးက ဆင်းပေးကြောင်း ကြေညာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း မူဂါဘီက လာမည့် ZANU-PF ပါတီညီလာခံကို ၎င်းကပင် သဘာပတိမူ ဦးစီးမည်ဖြစ်ကြောင်း မိန့်ခွန်းပြောဆိုသွားခဲ့သဖြင့် ပြည်သူများ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required