ပါကစ္စတန် ယာဉ်မတော်တဆမှု လူ ၂၀ ဦးထက်မနည်း သေဆုံး

ပါကစ္စတန် ယာဉ်မတော်တဆမှု လူ ၂၀ ဦးထက်မနည်း သေဆုံး

 

ကရာချိ၊ နိုဝင်ဘာ ၂၀ ။                  ။ ပါကစ္စတန်နိုင်ငံ တောင်ပိုင်းမှာ ယနေ့ နိုဝင်ဘာ ၂၀ ရက်က ကုန်တင်လော်ရီကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ခရီးသည်တင် ဗင်ကားတစ်စီးပေါ် တိမ်းမှောက်ပိမိသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတောင်ပိုင်း Sindh ခရိုင် Khairpur ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်စဉ်မှာ တစ်ခြား လူငါးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်မှာ ကျောက်မီးသွေး တင် ကုန်တင်ထရပ်ကားဟာ ဗင်ကားကို ကျော်တက်ဖို့ ကြိုးစားရင်းနဲ့ အရှိန်မထိန်းနိုင်ဘဲ ယင်းဗင်ကားပေါ်ကို လဲကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

" ဗင်ကားကတော့ ကျောက်မီးသွေးတွေအောက် ရောက်သွားပါတယ်၊ အနည်းဆုံး ကလေး၊လူကြီး ၁၇ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်" ဆိုပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူ Azfar Mahesar က ပြောပါတယ်။

ဒဏ်ရာရသူ ရှစ်ဦးကို ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ပေမယ့် သုံးဦး ထပ်မံသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ရုပ်အလောင်းတွေဟာ ကျောက်မီးသွေးတွေအောက်မှာ ဆိုးဆိုးရွားရွား ပိမိနေခဲ့ပြီး ယခုထက်ထိ ဆယ်ဦးရဲ့ အမည်နာမည်တွေကိုပဲ ဖော်ထုတ်သိရှိထားပါသေးတယ်။

ပါကစ္စတန်ကတော့ ကမ္ဘာပေါ်မှာ လူသေဆုံးစေတဲ့ ယာဉ်မတော်တဆမှုဖြစ်ပွားမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါ၀င်ပြီး လမ်းမကောင်းမှု၊ ယာဉ် ကြံ့ခိုင်မှု ထိန်းသိမ်းမှုပိုင်း အားနည်းမှု၊ မဆင်မခြင် မောင်းနှင်မှုတို့လည်း ရှိနေတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required