ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၁)

ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၁)

 

 

မေး။   ။ဆီးနဲ့ ကျောက်ကပ် ရောဂါအကြောင်းကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆီးနဲ့ ကျောက်ကပ် အထူးကုဖြစ်တဲ့ ဆရာကြီး ဦးခင်မောင်ကျော် နဲ့ အိန္ဒိယနိုင်ငံက Dr.Sanjiv Jasuja ဖြစ်ပါတယ်။ ဆရာကြီး ဦးခင်မောင်ကျော်ကို မေးပါရစေ။ မြန်မာပြည်မှာ ကျောက်ကပ် ရောဂါသည် များရသည့် အကြောင်းအရင်းအား သိလိုပါတယ် ။

ဖြေ။    ။ နံပါတ်တစ်က ကျောက်ကပ်ရောဂါသည် များလာခြင်းက ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။ အဲဒီမှာမှ ကျွန်တော်တို့က ကျောက်ကပ်ရောင်ရောဂါရှိတယ်။ ပြီးတော့ နာတာရှည်ကျောက်ကပ် ပျက်တာရှိတယ်။ နောက် ခေတ္တခဏ ကျောက်ကပ်ပျက်တာရှိ တယ်။ အဲဒီတော့ အဲဒီထဲမှာမှ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိက အကြောင်းအရင်းတွေ ကတော့  အခုလက်ရှိမှာ သွေးတိုးရောဂါတွေ ဆီးချိုရောဂါတွေ ပြီးလို့ရှိရင် ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း မသောက်ဘဲနဲ့ မိမိရဲ့စိတ်ကြိုက် သောက်နေတာတွေ ငယ်ငယ်ကနေပြီးတော့ ကျောက်ကပ်ရောဂါဖြစ်ခဲ့တယ် ဒါကို သေချာမကုခဲ့တဲ့အတွက်ကြောင့်မိုလို့ ကျောက်ကပ်ရောဂါသည် ဟာ တဖြည်းဖြည်း များလာတာဖြစ်ပါတယ်။   ခေတ္တခဏ   ကျောက်ကပ်ရောဂါ ဖြစ်တာကတော့ ကျောက်ကပ်ကို ပျက်စီးရတဲ့ အကြောင်းအရင်းတွေ ဥပမာအားဖြင့် မြွေကိုက်တာတွေ သို့မဟုတ် အသည်းကိုထိတာတွေ ရောင်တာတွေ နောက်ပြီး   ကျောက်ကပ်ကို ခေတ္တ ပျက်စီးစေမယ့် အစား အသောက်တွေ ဥပမာအားဖြင့် ဒညင်းသီးတို့ပေါ့လေ အဲဒါတွေကြောင့်လည်း ကျောက်ကပ် ခေတ္တခဏ ပျက်တာတွေ ဖြစ်ပါတယ်။

မေး။   ။ ဒေါက်တာ Sanjiv ကို မေးပါရစေ။ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ ပိုးဝင်တာ ဘယ်လို ခွဲခြားလို့ရပါမလဲ ။

ဖြေ။    ။ ကျောက်ကပ်ထဲမှာ ဆီးလမ်းကြောင်းပိုးဝင်တာက အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်ပါ တယ်တဲ့။ အထူးသဖြင့် ငယ်ရွယ်တဲ့သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်တာ များသောအားဖြင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ငယ်ရွယ်တဲ့အရွယ်မှာ ဖျားမယ်၊ ဆီးသွားတဲ့အခါမှာ နာမယ် ဒါမျိုးတွေ ဆိုရင်တော့ သေချာစွာ ကုသဖို့လိုတယ် ။

မေး။   ။ ဆီိးမှာ ကျောက်တည်ပြီးတော့ ဆေးတွေ သောက်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့ ၃ နှစ်ကပါ အခု ဆီးက ညပိုင်းမှာ တစ်ခါနှစ်ခါသွားပါတယ်။ ဆီးကလည်း အနံ့ထွက်နေပါတယ်။ ပြီးတော့ တခါတလေကျ ခါးက တင်းပြီးနာပါတယ် ။ အဲဒါ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ဆရာကြီးက ဖြေပေးပါဦး ။

ဖြေ။    ။ ဟုတ်ကဲ့။ နံပါတ်တစ်က လိုအပ်တဲ့စမ်းသပ်မှုကို လုပ်ဖို့လိုပါတယ်။ ခါးနာတယ်။ ဆီးက မကြာခဏ သွားတယ်ဆိုရင် အသက်အရွယ်က ဘယ်အရွယ်မှာလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ဆီးမကြာခဏသွားတာဟာ အသက် ၅၀ ကျော်မယ်ဆိုရင် ဆီးကျိတ်ကြီးတာ ဖြစ်နိုင်ပါတယ်။ အသက် ၅၀ ကျော်ပြီဆိုရင်တော့ ဆီးကျိတ်ကြီးတာဖြစ်တဲ့အတွက် လိုအပ်တဲ့ စမ်းသပ်မှုကို လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုက ခါးနာတာကလည်း နှစ်မျိုးသုံးမျိုးရှိပါတယ်။ နံပါတ်တစ်ကတော့ ကျောက်ကပ်ထဲမှာ ကျောက်တည်သလား သို့မဟုတ် ကျောက်ကပ်ထဲထိအောင် ပိုးဝင်တာလားဆိုတာ ခွဲခြားဖို့လိုပါတယ်။ အကောင်းဆုံး အကြံပေးချင်တာကတော့ သက်ဆိုင်ရာ ဆရာဝန်တွေကို ပြသပြီးတော့ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပေးဖို့လိုပါတယ် ။

မေး။   ။ အိန္ဒိယနိုင်ငံမှာဆိုရင် ကျောက်ကပ် အဖြစ်များတာက ဘယ်လိုလူမျိုးတွေမှာ အဖြစ်များ ပါသလဲ။

ဖြေ။    ။ ဒါက မြန်မာနိုင်ငံလိုပါပဲ။ အဖြစ်အများဆုံးကတော့ ခုနက ကျွန်တော်ပြောတဲ့အတိုင်းပါပဲ ဆီးချိုရောဂါ ပြီးတော့ သွေးတိုးရောဂါတွေမှာ ဖြစ်တဲ့လူတွေမှာ ပိုပြီးတော့ အဖြစ်များပါတယ် ။

မေး။   ။ ဆေးလိပ်သောက်ခြင်းနဲ့ပတ်သက်ပြီး ကျောက်ကပ်အပေါ် ဘယ်လိုမျိုး ဆိုးကျိုးတွေ သက်ရောက်မှု ရှိပါသလဲ ။

ဖြေ။    ။ ဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် အရင်တုန်းကတော့ မတွေ့ခဲ့ဘူးပေါ့။ နောက်ပိုင်းမှာ ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ကို ထိခိုက်နိုင်တယ်ဆိုတာ  နောက်ပိုင်းမှာ ပေါ်လာပါတယ်။   ဆေးလိပ်သောက်တော့ အားလုံးသိကြတဲ့အတိုင်းပဲ သွေးကြောတွေက မာလာတယ် ကျဥး်လာတယ်။ အဲဒီလိုမျိုး မာလာတဲ့အခါကျတော့ ကျောက်ကပ်ကိုသွားတဲ့ သွေးကလည်း နည်းသွားတယ်။ နည်းသွားတော့ ကျောက်ကပ်ကိုထိတယ်။ ဒါကတော့ Direct Effect လို့ခေါ်တာပေါ့။ အခြားကတော့ ဘာလဲဆိုတော့ ဆေးလိပ်ကြောင့်မို့ အဆုပ်ကိုထိသလိုပဲ ကျောက်ကပ်ကို လာထိတယ် ။

မေ။   ။ ကွမး်ယာက ကျောက်ကပ်ပေါ်မှာ ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ။

ဖြေ။    ။ ဘယ်လိုလဲဆိုတော့ ကွမ်းကလည်း ခုနက ဆေးလိပ်လိုပဲ သွေးကြောတွေကို ကျဥး်သွားနိုင် တယ်။ အဲဒီလိုကနေ ကျောက်ကပ်ကို ထိတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကွမး်စားတာကလည်း ကင်ဆာကို ဖြစ်စေတယ်ပေါ့။ နောက်တစ်ခုက ကွမ်းထဲမှာက ထုံးဓာတ်ပါတယ်။ ထုံးဓာတ်ပါတဲ့အခါ ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ ထုံးဓာတ်ကြောင့်  ကျောက်ကပ်ထဲမှာ ကျောက်တည်တာတွေ   ဖြစ်တတ်တယ်။ အဲဒီကနေပြီးတော့ ကျွန်တော်တို့က ဆက်လက်ပြီးတော့ ကျောက်တည်တာ ကနေပြီး တော့ ဆီးသွားတဲ့လမ်းကြောင်းကို ရောက်သွားတယ် နောက်ပြီး ကျောက်ကပ် ပျက်စီးတဲ့အထိပါ ရောက်သွားနိုင်ပါတယ်။

မေး။   ။ ဆရာဝန်တွေအနေနဲ့ကရော  ကွမ်းစားတဲ့လူတွေကို ဘာများ Message ပေးချင်ပါလဲ။

ဖြေ။    ။ နံပါတ်တစ်ကတော့ အကောင်းဆုံးကတော့ ကွမ်းမစားတာ အကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကွမ်းစားတာကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ကျောက်ကပ်က လူကိုလည်းထိတယ်။ နောက်တစ်ပိုင်းက ပါးစပ်မှာလည်း ကင်ဆာဆိုတာလည်း ဖြစ်နိုင်တာပဲလေ။ အဲဒီတော့ အကောင်းဆုံး ကတော့ ကျွန်တော်တို့ကတော့ လာသမျှလူကို ကွမ်းမစားဖို့ကို အမြဲတမ်း တိုက်တွန်းတယ်။ နောက်ဆုံး မဖြတ်နိုင်ရင်တောင်မှ လျော့ဖို့ အဲဒီကနေမှ တဖြည်းဖြည်း ဖြတ်ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကွမ်းစားတဲ့သူတော်တော်များများက   ကျောက်နဲ့ပတ်သက်ပြီးတော့   တော်တော်များများဖြစ်တာ တွေ့ရတယ်။ ဒါကြောင့်မို့ ပရိသတ်ကို ကျွန်တော်က အကြံပေးချင်တာက အတတ်နိုင်ဆုံး ကွမ်းကို ဖြတ်ပါ။ ကွမ်းမဖြတ်နိုင်ရင်တော့ လျော့ပါ။ လျော့ရင်း လျော့ရင်းနဲ့ လုံးဝ ဖြတ်နိုင်တဲ့အထိ ကြိုးစားပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။

မေး။   ။ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လိုမျိုး ကုသမှုမျိုး ပေးနေသလဲ။ ရာခိုင်နှုန်း ဘယ်လောက်ထိ များနေသလဲပေါ့နော်။ အိန္ဒိယနိုင်ငံမှာလည်း ဘယ်လိုမျိုး ကုသနေပြီးတော့ ရာခိုင်နှုန်း ဘယ်လောက်ထိ လူဦးရေဘယ်လောက်မှာ ဘယ်လောက်ထိ များနေတယ်ဆိုတာကို ပြောပြပေးပါဦး။

ဖြေ။    ။ နံပါတ်တစ်က ကျွန်တော်တို့ဆီမှာ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်တို့မှာ ကျောက်ကပ် အထူးကုဆရာဝန်တွေရှိပါတယ်။ အဲဒီတော့ အရင်တုန်းကတော့ ကျောက်ကပ်ဆရာဝန်တွေရှိတာကို မသိကြဘူး။ အခုဆိုရင် သိလာတဲ့အဖြေကတော့ ကျွန်တော်က ပထမဆုံး ကျောက်ကပ်နဲ့ပတ်သက်ပြီး တော့ သိနိုင်တဲ့အချက်ကတော့ ဘာလဲဆိုတော့ ဆီးထဲမှာ အသားဓာတ်ဆိုတာ ပါတယ်။ အသားဓာတ်က ဘာလဲဆိုရင် နယ်တွေမှကျတော့ ဒါတွေကို စမ်းလို့မရဘူး။ မရတော့ ဘာဖြစ်လဲဆိုရင် မျက်ခုံးလေးကစပြီးတော့ မို့လာတယ်။ ဒါကိုလည်း တစ်ချို့က ဂရုမစိုက်ကြဘူး။ မို့လာပြီးရင် ခြေထောက်တွေရောင်လာတယ်။ ပြီးရင် တစ်ကိုယ်လုံး ရောင်လာတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကို ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ဆီကိုက တစ်ကိုယ်လုံးရောင်လာမှ   ရောက်လာတာများပါတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ တော်တော်များများဟာ နည်းနည်းလေးရောင်လာတာနဲ့ ရောက်လာတာ ကို တွေ့ရတယ်။ အဲဒါက အလွန်အင်မတန်မှ ကောင်းတဲ့ လက္ခဏာပါ။ ရောက်တဲ့အခါမှာ ဘာလို့လဲ ဆိုရင် ဒီလိုရောင်ရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတာကို ကျွန်တော်တို့ ထပ်ရှာပါတယ်။ ရောင်တဲ့လူက အမျိုးမျိုးရှိတယ်ပေါ့။   ကျောက်ကပ်ပျက်လို့လား။ ကျောက်ကပ်ရောင်လို့လား။ သို့မဟုတ် တခြား အကြောင်းကြောင်းကြောင့် လားဆိုတာကို ကျွန်တော်တို့က ပြန်ကြည့်ရပါတယ်။ အဲဒီလိုကြည့်တဲ့အခါမှာ လိုအပ်တဲ့ စမ်းသပ်ချက်တွေ လုပ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့က ဆီးကို အလွယ်ဆုံး စစ်တယ်။ ဆီးစစ်ပြီးရင် ဆီးထဲမှာ အသားဓာတ်ပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့ ယူရီးယားကောင်တာ စစ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ဘာရောဂါလဲ နံပါတ်တစ် ရိုးရိုးကျောက်ကပ်ရောင်တာပဲလား သို့မဟုတ် ကျောက်ကပ်ပျက်တဲ့အဆင့် ရောက်ပြီလား ကျောက်ကပ်ပျက်တာတောင်မှ အဆင့် ၁၊ ၂၊ ၃၊ ၄ ရှိသေးတာကိုး ။ အဲဒီတော့ ဘယ်အဆင့်ကိုရောက်ပြီလဲဆိုတာ ကျွန်တော်တို့ ကြည့်ရပါတယ်။ အဲဒီတော့ ခုနကပြောတဲ့ ကျောက်ကပ်ရောင်တဲ့နေရာမှာလည်း ကျောက်ကပ်ရောင်တာက ဘယ်လိုပုံစံနဲ့ ရောင်တယ်ဆိုတာကို သိဖို့ ကျောက်ကပ် အသားစ ယူရပါတယ်။ ပြီးမှ သက်ဆိုင်ရာ ရောဂါဗေဒ ဆရာဝန်ဆီမှာ ကြည့်ပြီးတော့ ဒီလိုရောဂါဟာ ဘယ်လိုမျိုးလဲဆိုတာ ယူပြီးတော့ ဆေးကုသမှု ပေးရပါတယ်။ တိတိကျကျရအောင် ကျွန်တော်တို့ လုပ်ပါတယ်။ နောက်တစ်ချက်က အကယ်၍များ အကြောင်းအမျိုးမျိုးကြောင့် မြွေကိုက်တယ် အဲဒီလိုမျိုးတွေဆိုရင် ကျွန်တော်တို့ဆီကို ရောက်လာတဲ့အခါမှာ ဒီလူနာတွေကို အဓိကကတော့ အသက်မသေအောင်က အရေးကြီးတယ်။ သူတို့က မြွေကိုက်လို့ ကျောက်ကပ်ပျက်တာပဲဖြစ်ဖြစ် အသည်း ခေတ္တရောင်လို့ ကျောက်ကပ်ပျက် တာပဲဖြစ်ဖြစ် ဒါကို ကုသလို့ ပြန်ကောင်းလာနိုင်တဲ့ အကြောင်းအရင်းရှိတယ်။ အဲဒါကျတော့ ကျွန်တော်တို့က ကျောက်ကပ်တု သွေးသန့်စင်နည်းနဲ့ ကုသတာမျိုး ကျွန်တော်တို့က လုပ်ပါတယ်။ ဒါကတော့ ကျောက်ကပ် ယာယီခေတ္တတ ပျက်တာပေါ့နော်။ နံပါတ်သုံးအချက်က တချို့တွေကျတော့ ခုနကပြောတဲ့ သွေးတိုးရောဂါ ဆီးချိုရောဂါ ကျောက်ကပ်ရောင်တာကို ငယ်ငယ်လေးကတည်းက မကုခဲ့လို့ နောက်ဆုံးမှာ ကျောက်ကပ် နာတာရှည် ဖြစ်သွားပြီဆိုရင် ကျွန်တော်တို့က ဒါကို ချက်ခြင်း အသက်မသေအောင် ခုနကပြောသလို ကျောက်ကပ်တု သွေးသန့်စင်နည်းနဲ့ ကုတယ်။ ကုပြီးရင် ကျောက်ကပ် အစားထိုးခြင်းကို ကျွန်တော်တို့က လုပ်ဆောင်ပေးပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း  ကျောက်ကပ် ဘာဖြစ်တယ်ဆိုတာကို အရင် စစ်ဆေးပါတယ်။ ရောဂါ အလျှောက်ပေါ့ ဘယ်လိုကုမလဲဆိုတာမျိုး လုပ်တာမျိုး ရှိပါတယ်။ ခုနက ပြောသွားတဲ့အတိုင်း နာတာရှည်ကျောက်ကပ်ရောဂါ ပျက်တယ်ဆိုတဲ့အခါမှာလည်း အဆင့်က ၁၊ ၂၊ ၃၊ ၄၊ ၅ ပေါ့။ အဲဒီမှာလည်း ၁၊ ၂၊ ၃ ကို သေသေချာချာ ထိန်းထားနိုင်မယ်ဆိုရင် ၄ နဲ့ ၅ ဖြစ်တဲ့   ကျောက်ကပ်   ဆေးခြင်းနဲ့ ကျောက်ကပ်အစားထိုးခြင်းကို မရောက်နိုင်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့က လူနာတစ်ယောက် ရောက်လာတဲ့အခါမှာ ကျွန်တော်တို့က အဆင့် ၁ လား၊ အဆင့် ၂ လား အဆင့် ၃ လားဆိုတာကို ကျွန်တော်တို့က ခွဲတယ်။ ခွဲပြီးလို့ရှိရင် အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က ဒါကို တိတိကျကျ ပြတ်ပြတ်သားသားလေး ကုနိုင််မယ်ဆိုရင် ဥပမာဆိုပါစို့ လူနာတစ်ယောက်ဟာ အဆင့်မှာ နည်းမှသိရလေ ကုနိုင်လေ လူနာတစ်ယောက်က ၅ နှစ်ကနေ ၁၀ နှစ်အထိ ပိုခံသွားမယ် ပေါ့ဗျာ။ အဲဒီတော့ အဓိကတော့ ဘာလဲဆိုရင် ကျောက်ကပ်ရောဂါကို စောစောစီးစီးသိနိုင်လေ သူတို့အတွက် အကျိုး အများကြီးရှိလေပါပဲ။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly