ရခိုင်ပြဿနာကို အဆင့်သုံးဆင့်နဲ့ ဖြေရှင်းဖို့ တရုတ် အဆိုပြု

ရခိုင်ပြဿနာကို အဆင့်သုံးဆင့်နဲ့ ဖြေရှင်းဖို့ တရုတ် အဆိုပြု

နိုဝင်ဘာ ၂၀ ။          ။ ရခိုင်ပြည်နယ်က အကျပ်အတည်းပြဿနာကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေဖို့အတွက် အဆင့်သုံးဆင့်ပါတဲ့ ဖြေရှင်းချက် နည်းလမ်းတစ်ရပ်ကို အဆိုပြုထားပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ က နိုဝင်ဘာ ၁၉ ရက်က ပြောဆိုလိုက်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား တိုင်ပင်ညှိနှိုင်းဆွေးနွေးမှုတွေကနေတဆင့် နှစ်နိုင်ငံစလုံး လက်သင့်ခံနိုင်မယ့် ဖြေရှင်းချက်နည်းလမ်းနဲ့ အဆိုပါ ရခိုင်အကျပ်အတည်းပြဿနာကို ကိုင်တွယ် ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ တရုတ်တို့ဘက်က ယုံကြည်နေလျက်ရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ယမန်နေ့တုန်းကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပထားခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ရခိုင်ပြဿနာအတွက် အဆင့်သုံးဆင့်ပါ ဖြေရှင်းချက်နည်းလမ်းတစ်ခုကို တရုတ်တို့ဘက်က အဆိုပြုထားတယ်လို့ ၀မ်ယီက ပြောသွားပါတယ်။

ပထမအဆင့်ကတော့ ပြည်နယ်တည်ငြိမ်အေးချမ်းစေရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပေါ်လာစေရေး လုပ်ဆောင်ဖို့ ဖြစ်ပြီး ယင်းမှသာလည်း ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးကြတာမျိုး နောက်ထပ် ထပ်ဖြစ်မလာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပူးပေါင်းအားထုတ်မှုတွေကနေတဆင့် ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်အောင် လုပ်ရမယ်လို့ ၀မ်ယီက ဆိုပါတယ်။

ဒုတိယအဆင့်အနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံဆွေးနွေးမှုတွေကနေတဆင့် ပြဿနာရှင်းနိုင်မယ့် ကောင်းမွန်တဲ့ အဖြေတစ်ခု ရရှိအောင်လုပ်ဖို့ ဖြစ်ပြီး ယင်းနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အားပေးသင့်တယ်လို့ ၎င်းက ပြောပါတယ်။

တတိယအဆင့်အနေနဲ့ကတော့ ရေရှည် ဖြေရှင်းချက်နည်းလမ်းတစ်ရပ် ရရှိရေး ဖြစ်တယ်လို့ ဆိုပါတယ်။ ဆင်းရဲနွမ်းပါးမှုက ဒေသမှာ ပဋိပက္ခတွေ ဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်းဖြစ်လို့ ရခိုင်ပြည်နယ်မှာ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အားထုတ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ကူပေးရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ရခိုင်ကိစ္စဟာ သမိုင်းကြောင်း၊ လူသားမျိုးနွယ်စုတွေနဲ့ ဘာသာရေး တို့နဲ့ ရောထွေးဆက်စပ်နေတဲ့ ကိစ္စဖြစ်လို့ ချက်ချင်း ဖြေရှင်းချက်ရော၊ ရေရှည်ဖြေရှင်းချက်နည်းလမ်းပါ လိုအပ်ပါကြောင်း ၀မ်ယီက တိုက်တွန်းပြောကြားသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly