မော်ရိုကိုမှမြို့တစ်မြို့၌ အစားအစာဝေငှရာမှ လူနင်းခံရ၍ အမျိုးသမီး ၁၅ဦးထက်မနည်းသေဆုံး

မော်ရိုကိုမှမြို့တစ်မြို့၌ အစားအစာဝေငှရာမှ လူနင်းခံရ၍ အမျိုးသမီး ၁၅ဦးထက်မနည်းသေဆုံး

 

ရာဘတ်၊ မော်ရိုကို၊ နို၀င်ဘာ ၂၀ ။                    ။ မော်ရိုကိုနိုင်ငံအနောက်ပိုင်းရှိ ကမ်းရိုးတန်းမြို့ဖြစ်သော Essaouira မြို့၌ တနင်္ဂနွေနေ့က အစားအစာများ ဝေငှပေးရာတွင် ကြိတ်ကြိတ်တိုးနေသော လူအုပ်ကြီးကြောင့် လူနင်းခံရပြီး အမျိုးသမီး ၁၅ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း အာဏာပိုင်များနှင့် တာဝန်ရှိသူများက ပြောခဲ့သည်။

အဆိုပါမတော်တဆဖြစ်ရပ်သည် Essaouira မြို့ရှိ ဆီဒီဘော်လာလမ်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေများ၏အဆိုအရ စီးပွားရေးမြို့ဖြစ်သော ကာဆာဘလန်ကာမြို့၌နေထိုင်သော အလှူရှင် တစ်ဦး၏ နှစ်စဉ်ပြုလုပ်နေကြဖြစ်သော ဂျံုမှုန့်များဝေငှပွဲအား ရွာအတွင်းရှိ  စျေးတစ်ခု၌   ပြုလုပ်ခဲ့ပြီး ရာနှင့်ချီသော အမျိုးသမီးများသည် စုပြံုတိုး၍ ပစ္စည်းများကိုရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာဆိုရင် ပစ္စည်းလာယူကြတဲ့လူတွေ အရမ်းကိုများပြားခဲ့ပါတယ်။ ရာပေါင်းများစွာရှိမယ်လို့ ခန့်မှန်းရပါတယ်” ဟု အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောခဲ့ပြီး “ လူတွေဟာ တိုးကြိတ်ပြီးတော့ အချင်းချင်း တွန်းဖယ်နေခဲ့ကြပါတယ်။ အတားအဆီးေတွေကိုလည်း ချိုးဖျက်ခဲ့ကြပါတယ်” ဟု သူက ဆိုခဲ့သည်။

“မတော်တဆမှုဖြစ်ပွားခဲ့တဲ့နေရာက ဒေသဆိုင်ရာအာဏာပိုင်တွေဟာ စိတ်ထိခိုက်သွားကြပါတယ်။ လူတွေဟာ မြေကြီးပေါ်ကိုလဲကျနေတာတောင်မှ အစားအစာရဖို့အတွက် လုံးထွေးသတ်ပုတ်   နေခဲ့ကြပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

သေဆုံးသူအားလုံးမှာ အမျိုးသမီးများဖြစ်ကြောင်း ဆရာတစ်ဦးကပြောခဲ့ပြီး ဒဏ်ရာရရှိသူမှာ ၁၀ဦးရှိကြောင်းနှင့် ၂ဦးမှာ စိုးရိမ်ရကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

တက်ကြွလှုပ်ရှားသူများက ဖေ့စ်ဘုတ်ပေါ်သို့တင်ခဲ့သောဓာတ်ပုံထဲတွင် ကြီးမားသောလူအုပ်ကြီးသည် ရွာထဲရှိ စျေးထဲ၌ စုရုံးနေခဲ့ကြသလို သေဆုံးသူများ၏အလောင်းများကိုလည်း ဓာတ်ပုံထဲ၌ တွေ့မြင်ရသည်။

“ငတ်မွတ်မှုဟာ Essaouira ခရိုင်က ဒါဇင်နဲ့ချီတဲ့ ဆင်းရဲသားတွေကို သတ်ပစ်လိုက်တာဖြစ်ပါတယ်” ဟုလည်း ဓာတ်ပုံနှင့်တကွ စာရေးသားထားသလို “ဒီဝမ်းနည်းဖွယ်ရာဖြစ်ရပ်ဟာ အမတ်တွေနဲ့တာဝန်ရှိသူတွေအတွက် တော့ ရှက်ဖွယ်ပဲဖြစ်ပါတယ်” ဟု ရေးသားထားသည်။

ထိုဖေ့စ်ဘုတ်စာမျက်နှာကို တာဝန်ယူရေးသားနေသော ကျောင်းဆရာမတစ်ဦးဖြစ်သည့် မာနာခေါ်ဒါက နှစ်စဉ်ပြုလုပ်နေကြ အစားအစာလှူဒါန်းပွဲ၌ ပြီးခဲ့သောနှစ်များကလည်း သူ့ထက်ငါအလုအယက် တိုးဝှေ့မှုများ ရှိခဲ့ဖူးကြောင်း ပြောခဲ့သည်။ ထိုကဲ့သို့ဖြစ်စဉ်များရှိသော်လည်း ယခုနှစ်လှူဒါန်းပွဲ၌ စောင့်ကြပ်ပေးနေသော ရဲအရာရှိမှာ ၄ဦးခန့်သာရှိခဲ့ကြောင်း သူမက ထောက်ပြဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly