ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးမှု ပျက်ပြားသွားခဲ့ပြီး နိုင်ငံရေးအကျပ်အတည်းအောက် ရောက်လာခဲ့သည့် ဂျာမန်အဓိပတိ မာကယ်လ်

ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးမှု ပျက်ပြားသွားခဲ့ပြီး နိုင်ငံရေးအကျပ်အတည်းအောက် ရောက်လာခဲ့သည့် ဂျာမန်အဓိပတိ မာကယ်လ်

 

နို၀င်ဘာ ၂၀ ။             ။ နိုင်ငံတွင် ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းရေး ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်ခဲ့ခြင်း မရှိခြင်းကြောင့် ယခုအခါ ဂျာမနီအဓိပတိ အိန်ဂျလာ မာကယ်လ်အနေဖြင့် သူမ၏ ရပ်တည်မှု ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဖိအားများအောက် ရောက်လာခဲ့ရပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာရွေးကောက်ပွဲများအတွင်း အစိုးရဖွဲ့နိုင်လောက်သည့် မဲအရေအတွက် မရရှိခဲ့ခြင်းကြောင့် မာကယ်လ်အနေဖြင့် ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းနိုင်ရန် အခြားသော ပါတီများနှင့်အကြား အကြိတ်အနယ် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရသော်လည်း အပြီးသတ်တွင်မူ သူမ လိုချင်သည့် ရလဒ်ထွက်မလာခဲ့သည့်အတွက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။

ယခုကဲ့သို့ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့ရေး ညှိနှိုင်းမှု ပျက်ပြားခဲ့ရပြီးနောက် ယင်းနိုင်ငံတွင် နောက်ထပ် ရွေးကောက်ပွဲသစ်များ ထပ်မံကျင်းပရန် အကြောင်းဖန်လာခဲ့ပြီ ဖြစ်သည်။

စက်တင်ဘာ ရွေးကောက်ပွဲတုန်းက မဲအများစု အသာမရခဲ့ခြင်းကြောင့် မာကယ်လ်အနေဖြင့် အခြားသော ပါတီအုပ်စုများနှင့် မဟာမိတ်ပြုရေး အသည်းအသန် ဆွေးနွေးထားခဲ့ရသည်။

သို့သော် တစ်လကျော်ကြာ ဆွေးနွေးမှုများအပြီး လွတ်လပ်သော ဂျာမနီ ဒီမိုကရက်တစ်ပါတီ FDP ခေါင်းဆောင် ခရစ်ရှန် လင်ဒနာက ဆွေးနွေးပွဲကနေ ကျောခိုင်းထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ မာကယ်လ်၏ ကွန်ဆာတေးဗစ် မဟာမိတ်အုပ်စု CDU-CSU နှင့် ပူးပေါင်းပြီး အစိုးရသစ် ဖွဲ့နိုင်ရန် ယုံကြည်မှု မရှိတော့ဟု လင်ဒနာ က ပြောသည်။

" နိုင်ငံကို ဆိုးဆိုးရွားရွား အုပ်ချုပ်တာထက်စာရင် လုံ့ဝ မအုပ်ချုပ်တာကမှ ပိုကောင်းပါလိမ့်မယ်၊ ဂျာမနီကို ခေတ်နဲ့အညီ ဖွံ့ဖြိုးစေဖို့ ဘုံသဘောထားအမြင်တစ်ခုတောင် ပါတီတွေအကြား မရခဲ့ပါဘူး" ဆိုပြီး ၎င်းက ဆိုသည်။

ယခုကဲ့သို့ FDP ဘက်မှ သဘောထားထုတ်ပြန်ခဲ့ခြင်းအပေါ် စိတ်ကောင်းဖြစ်ရကြောင်း မာကယ်လ်က ဆိုလိုက်ပြီး ယခုအခါ အကျပ်အတည်းအောက် ရောက်လာနေသော်လည်း နိုင်ငံကို အကောင်းဆုံး ဆက်လက်ပဲ့ကိုင်သွားမည်ဟု ကြွေးကြော်သွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required