ဖုန်းဖြင့် Selfie ရိုက်ရာမှ ဆည်ထဲပြုတ်ကျပြီး နှစ်ဦးသေဆုံး

ဖုန်းဖြင့် Selfie ရိုက်ရာမှ ဆည်ထဲပြုတ်ကျပြီး နှစ်ဦးသေဆုံး

နိုဝင်ဘာ ၁၉၊ မကွေး ။            ။ ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့ ၊ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကင်းပွန်းတောင်အုပ်စု၊ သပြေပင်ကျေးရွာအနီး ကင်းပွန်းတောင်ဆည်တံတားတွင် Selfie ဓာတ်ပုံရိုက်ရာမှ ဆည်ထဲပြုတ်ကျကာ လူနှစ်ဦး ရေနစ်သေဆုံးကြောင်း ဆတ်သွားရဲစခန်းမှ သိရသည်။

ဆတ်သွားရဲစခန်းမှ ဒုရဲအုပ်ချစ်စိုးမင်းက  "သတင်းရလျှင်ရခြင်း စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်ရယ်၊ တာဝန်မှူး ကျွန်တော်နဲ့ ရဲတပ်ဖွဲ့ဝင်များရယ်၊ကင်းပွန်းတောင်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးခင်မောင်ကြည်ရယ် ရွာခွဲတာဝန်ခံဦးမြင့်စိုးတို့နှင့်အတူ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်" ဟု ပြောသည်။

ဖြစ်စဉ်မှာ ချောင်းနက်အရှေ့စုကျေးရွာနှင့် ကရင်စု ကျေးရွာနေသူတို့ဖြစ်ကြသော သီဟကျော် ပါ ၁၁ ဦးအဖွဲ့သည် ဆိုင်ကယ်ဖြင့် ဖျောက်ဆိပ်ကုန်းကျေးရွာရှိ ဆရာမကြီးအား ကျောင်းပိတ်ရက် သွားရောက်ကန်တော့ခဲ့ပြီး ကင်ပွန်းတောင်ဆည်သို့ ဓာတ်ပုံရိုက်ရန် ထွက်လာကြရာ  ၄င်းအဖွဲ့ထဲမှ အောင်မျိုးထက် အသက် ၁၉နှစ် (ဘ) ဦးဌေးမော်သည် ဆည်၏တောင်ဘက်အစပ်   ရေထုတ်ပြွန်အနောက်ဘက်ရှိ တံတားအနီး ဖုန်းဖြင့် Selfie ဓာတ်ပုံရိုက်ရာမှ ဆည်ထဲသို့ ပြုတ်ကျသွား၍ မင်းမင်းဦး အသက် ၂၀နှစ် (ဘ)ဦးကျော်သူရ နှင့် သီဟကျော် အသက် ၁၉နှစ် (ဘ) ဦးခင်မောင်ဦးတို့က လိုက်လံဆယ်ယူရာ အောင်မျိုးထက်မှာ ရေနစ်သေဆုံးနေပြီး လိုက်လံဆယ်ယူသူ မင်းမင်းဦးမှာလည်း ရေနစ်သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး အောင်မျိုးထက်နှင့်မင်းမင်းဦး သေဆုံးရခြင်းမှာ ဓမ္မတာတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ရဲအုပ်ထွန်းအောင်ကျော်က တရား လိုပြုလုပ်တိုင်တန်းသဖြင့် ဆတ်သွားနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၇ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ပြီး အမှုအားစခန်းမှူးရဲအုပ်ထွန်းအောင်ကျော်က ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly