မြောင်းမြကိုယ်စားလှယ်အား အငြိမ်းစားဒုရဲမှူးကြီးတစ်ဦးက အမှုဖွင့်တိုင်တန်းထား

မြောင်းမြကိုယ်စားလှယ်အား အငြိမ်းစားဒုရဲမှူးကြီးတစ်ဦးက အမှုဖွင့်တိုင်တန်းထား

 

ပုသိမ်၊ နိုဝင်ဘာ ၁၈ ။         ။ မြောင်းမြမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦး ပါ ၁ ဦးအား မြောင်းမြမြို့မရဲစခန်းတွင် ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေနေ့ဦးကျော်ငြိမ်းက တရားလိုပြုပြီး နိုင်ငံသားများ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြံုရေး ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ဖြင့် အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

"အခုအချိန်အထိ ကျွန်မကို ဆက်သွယ်တာမျိုးမရှိဘူး၊ကျွန်မလည်း မေးနေတုန်းပဲ  ကျွန်မလည်း မသိဘူး”ဟု မြောင်းမြမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက မဇ္ဈိမသို့ ပြောသည်။

မြောင်းမြမြို့နယ်၊မြို့မရဲစခန်းတွင် ရှေနေ့ဦးကျော်ငြိမ်းက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမည်မသိသူတစ်ဦးနှင့် မြောင်းမြမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးအား နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြံုမှုကိုကာကွယ်ပေးရေးဥပဒေပုဒ်မ ၁၀ဖြင့် ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေနေ့ဦးကျော်ငြိမ်းက တရားလိုပြုပြီး အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

အမှုနှင့်ပတ်သက်ပြီး မြောင်းမြရဲစခန်း စခန်းမှူးက "ဒီနေ့ မှဖွင့်တာရှိသေးတယ်။ စစ်ဆေးဖို့ ခွင့်ပြုချက် တောင်း နေတုန်းပါ၊ အမှုက တည်ဆောက်ရဦးမှာပါ”ဟု ရဲစခန်းလုပ်ဆောင်ထားမှုအား ပြောသည်။

အမှုဖွင့်သည့် ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေနေ့ဦးကျော်ငြိမ်းက ၎င်းအား ရဲပြုတ်ဟု ခေါ်ဆိုခြင်းအပါအဝင် အမှုဖွင့်ရခြင်းအား ပြောသည်။

"အမှုဖွင့်တာ ကျွန်တော်ကို အစည်းအဝေးတစ်ခုမှာ သူနဲ့ ကိုပြူးက ကျွန်တော့်ကို ရဲပြုတ်လို့ပြောတယ်။ ကချင်ပြည်နယ် ပြောင်းတုန်းကလည်း အပြစ်နဲ့ပြောင်းတယ်လို့ပြောတယ်။ ဒေါ်ခိုင်ဇင်ဦးက အေး ငါလည်း ကြားတယ်လို့ ပြောတယ်ဗျာ၊ကျွန်တော်က သက်ပြည့်ပင်စင်စားလေ၊ ကျွန်တော်ဘဝမှာ ရာထူးတိုးတာတွေ၊  နာမည်ကောင်းလက်မှတ်တွေ အကုန်ရှိတယ်။  ပြုတ်လာတာ မဟုတ်ဘူး၊ အခု အလုပ်က ရှေနေ့ နာမည် တစ်လုံးနဲ့ လုပ်စားရတာလေ။ ဂုဏ်သိက္ခာထိလို့ ဖွင့်လိုက်တာ”ဟု ဦးကျော်ငြိမ်းက ပြောသည်။

ထို့ကြောင့် နိုင်ငံသားများ၏ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂလိကဆိုင်ရာ ကာကွယ်ရေးဥပဒေပုဒမ ၁၀ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

"လွှတ်တော်ကို အကြောင်းကြားလာရင် တိုင်းဒေသကြီးလွှတ်တော် ရဲ့ လုပ်ထုံးလုပ်နည်း၊နည်းဥပဒေတွေနဲ့ အညီလုပ်ဆောင်သွားမယ်။ အခုက အကြောင်းကြားတာ မရှိသေးဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္ဈိမသို့ပြောသည်။

နိုင်ငံသားများ၏ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂလိကဆိုင်ရာကာကွယ်ရေးဥပဒေပုဒ်မ ၈(စ)တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂလိကဆိုင်ရာ၊မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦးဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်စော်ကားခြင်း သို့မဟုတ် ထိခိုက်နစ်နာစေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဖောက်ဖျက်ကျုးလွန်ကြောင်းပြစ်မှု ထင်ရှားလျှင် အနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ငွေဒဏ် ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly