ကျုံပျော်မြို့နယ်တွင် အငြင်းပွားအသုဘ မြေချနိုင်ခဲ့

ကျုံပျော်မြို့နယ်တွင် အငြင်းပွားအသုဘ မြေချနိုင်ခဲ့

 

ပုသိမ်၊ နိုဝင်ဘာလ ၁၈ ။             ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျံုပျော်မြို့နယ်၊ဇင်ပြွန်းကုန်းကျေးရွာ ရွာလယ်လမ်းမတွင် တားမြစ်ခံထားရသည့် ဒေါ်သန်းသန်းနွယ်၏ နာရေးကိစ္စအား ထုံးစံလမ်းက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အသုဘချခဲ့ကြောင်း ကျံုပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးက မဇ္ဈိမသို့ ပြောသည်။

"ဖြစ်တာတော့ကြာပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံး၊ လေးဆယ်တည်းက ပြဿနာဖြစ်နေတာ။ ထောက်ခံတဲ့သူနဲ့ ကန့်ကွက်တဲ့သူနဲ့ ဘာသာရေးလည်းပါသလို ကိုးကွယ်တာခြင်း၊ အယူအဆခြင်း ဓလေ့ထုံးစံခြင်း ကွဲတာလည်း ပါတယ်။ ဒါပေမဲ့လည်း ဖြစ်တဲ့ကိစ္စညှိလိုနှိုင်းလို့မရဘူး။  အခု ညှိနှိုင်းလို့ ရသွားတယ်။ ဒီလမ်းကိုပဲ အားလုံးက ဘာသာလူမျိုးမခွဲဘဲ အားလုံးသွားခွင့်အမိန့်တောင်းခံလို့ တိုင်းဒေသကြီးအစိုးရကတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူး ကတဆင့် အမိန့်ကိုရရှိလားလို့ ဒီလမ်းကပဲ အေးချမ်းနဲ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြစ်သွားတာပါ၊ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်ထိန်းသိမ်းရတာမရှိပါဘူး”ဟု ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်စိုးက မဇ္ဈိမသို့ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်က ကျံုပျော်မြို့နယ်၊ဇင်ပြွန်းကုန်းကျေးရွာတွင် ကျေးရွာအနောက်ဖက် နေထိုင်သည့် ဒေါ်သန်းသန်းနွယ် နာရေးအား  ရွာလယ်လမ်းမကြီးအတိုင်း အသုဘချလာစဉ် ကျေးရွာနေသူတချို့က ထုံးစံချနေကျ ကျွဲနွားလမ်းက ချရန် တားမြစ်ခဲ့၍ ရွာလယ်လမ်း အသုံးပြုနိုင်ကြောင်း သေသူမိသားစုနှင့် ရွာသားများ အငြင်းပွားနေရာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ယခင်အသုံးပြုနေသည့် ကျွဲနွားလမ်းမှ အသုဘအား ယနေ့တွင် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဇင်ပြွန်းကုန်းကျေးရွာ ရွာလယ်လမ်းအား ပြုပြင်ပြီး ရာသီမရွေး သွားနိုင်သည့် လမ်းအဖြစ် အစိုးရမှ လုပ်ဆောင် ပေးထားပြီး ဇင်ပြွန်းကုန်းကျေးရွာ မည့်သည်လူမျိုးဘာသာဝင်မဆို နာရေးလမ်းအဖြစ် အသုံးပြုရန် ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့ရသည်။

" ဇင်ပြွန်းကုန်းကျေးရွာတွင် နေထိုင်သည့် မည့်သည်ဘာသာဝင်မဆို နာရေးကိစ္စပေါ်ပေါက်က ကျေးရွာလမ်းမကြီး နှစ်ခုကြားရှိ ကျွဲနွားလမ်းအား အသုံးပြုရမည်ဖြစ်ကြောင်း”ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ရွာလယ်လမ်းတွင် အငြင်းပွားနေသည့် သေဆုံးသူဒေါ်သန်းသန်းနွယ် အသုဘအား ညှိနှိုင်းသဘောတူချက်အရ ယခင်အသုံးပြုနေသည့် ကျွဲနွားလမ်းမှ  ယနေ့ အသုဘချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required