ကုလားပဲကြော်ချက်

ကုလားပဲကြော်ချက်

 

ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကုလားပဲကြော်ချက်လေး ချက်စားဖြစ်တယ်။ အသားတွေ စားရတာ များလာရင် ဒီလိုဟင်းလေးကလည်း ထမင်းမြိန်စေတယ်လေ။

လိုအပ်တာတွေကတော့

ကုလားပဲ ၁၀သား

ပဲမှုန့် အစိမ်း အနည်းငယ်

ပျဉ်းတော်သိမ်ရွက် အနည်းငယ်

ခရမ်းချဉ်သီး အနည်းငယ်

ကြက်သွန်မြိတ် အနည်းငယ်

ငရုတ်သီးစိမ်းအနည်းငယ်

ကြက်သွန် ဖြူ /နီ အနည်းငယ် လိုအပ်ပါတယ်။

အရင်းဆုံး ကုလားပဲကို တစ်ညလောက်ရေစိမ်ထားပါ။ မနက် ကြော်မယ်ဆို ညဘက်ကတည်းက ရေစိမ်ထား ရပါမယ်။ ဒါမှ ပွပွလေးနဲ့ ထောင်းလို့ကြိတ်လို့လွယ်ကူတာပါ။ ပဲကို ခပ်ညက်ညက်လေးဖြစ်အောင် ကြိတ်ပါ။ ငရုတ်သီးနဲ့ ပျဉ်းတော်သိမ်ရွက်ကို ပါးပါးလှီးထားပါ။

ပြီးရင်တော့ ရောနယ်ပါ။ဆား အနည်းငယ်ထည့်ပြီး  အဝိုင်း အနေတော်လေးတွေ ပြုလုပ်ထားပါ။

ဆီပူပူထဲ မီးအေးအေးလေးနဲ့ ကြွပ်နေအောင်ကြော်ပါ။ ပြီးရင်တော့ ဆီစစ်ပြီး အအေးခံထားပါ။ ကြက်သွန် ဖြူ /နီ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်ကို ရောထောင်းပါ။ ခရမ်းချဉ်သီးပါထည့်ပြီး ထောင်းထားပါ။

ငရုတ်သီးဆီသတ်ကို ခရမ်းချဉ်သီး ကြေတဲ့အထိ ဆီသတ်ပေးပါ အရသာအတွက် ဆားအနည်းငယ်ထည့်ပါ။ ပြီးမှသာ ပဲကြော်ထည့်ပြီး မွှေပါ ။ ဆီနဲ့ပဲ ချက်တာရတာမို့ ရေမထည့်ရပါဘူး။ ပဲကြော်ထဲအရသာနဲ့ အနှစ်တွေစိမ့်ဝင်နေလောက်ပြီဆိုရင်တော့ ကြက်သွန်မြိတ်လေးအုပ်ပြီး ဟင်းအိုးချလို့ရပါပြီ။

အခုဆိုရင်တော့ ဆိမ့်ဆိမ့်လေးနဲ့စားကောင်းတဲ့ ကုလားပဲကြော်ချက်ဟင်းလေး ရပါပြီ။ အသားဟင်းတွေ စားရတာ ရိုးနေပြီဆိုရင်တော့ ဒီလိုလေး ချက်စားကြည့်ပါလို့။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly