ရာထူးမှ ဆင်းပေးရန် ဖိအားပေးခံနေရသည့် ဇင်ဘာဘွေသမ္မတ မူဂါဘီ အနာဂတ် မရေမရာဖြစ်လာ

ရာထူးမှ ဆင်းပေးရန် ဖိအားပေးခံနေရသည့် ဇင်ဘာဘွေသမ္မတ မူဂါဘီ အနာဂတ် မရေမရာဖြစ်လာ

 

နိုဝင်ဘာ ၁၈ ။       ။ စစ်တပ်က အာဏာလွှဲပြောင်းထိန်းချုပ်ထားသည့် ဇင်ဘာဘွေနိုင်ငံတွင် သမ္မတ ရောဘတ် မူဂါဘီ ရာထူးမှ ဆင်းပေးရေး အာဏာရပါတီကပင် ဖိအားပေးတောင်းဆိုမှုများ ရှိလာခဲ့ပြီး ယနေ့ နိုဝင်ဘာ ၁၈ ရက်ကလည်း ပြည်သူထောင်ပေါင်းများစွာတို့ လမ်းများပေါ်သို့ စုရုံးချီတက်ခဲ့ကြသည်ဟု သိရသည်။

မူဂါဘီနှုတ်ထွက်ရေး တောင်းဆိုသူများထဲတွင် အာဏာရ ZANU-PF ပါတီအပါအဝင်၊ အတိုက်အခံများ၊ လွတ်လပ်ရေးတိုက်ပွဲဝင် ၀ါရင့်နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများလည်း ပါ၀င်နေလျက်ရှိရာ ယခုအခါ ယင်းနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းမှာ ပိုမိုနက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း စစ်တပ်က အာဏာကိုလွှဲပြောင်းထိန်းချုပ်ပြီးနောက် နေအိမ်အကျယ်ချုပ်အောက် ရောက်နေသည်ဟု ဆိုသည့်  မူဂါဘီအနေဖြင့် လက်ရှိအချိန်ထိတော့ တောင်းဆိုချက်များကို လျစ်လျူရှုကာ ရာထူးမှ မဖယ်ပေးသေးဘဲ တင်းခံနေလျက်ရှိသည်။

နိုဝင်ဘာ ၁၈ ရက်ကလည်း ဇင်ဘာဘွေ ပြည်သူ ထောင်ပေါင်းများစွာတို့ လမ်းများပေါ်တွင် ချီတက်စုရုံးခဲ့ကြပြီး မူဂါဘီ နှုတ်ထွက်ရေး တောင်းဆိုမှုများနှင့်အတူ ၎င်းတို့၏ သဘောထားဆန္ဒကို ထုတ်ဖော်နေကြလျက်ရှိသည်။

ယင်းအပြင် တစ်ချိန်က မူဂါဘီ ထောက်ခံသူများ ဖြစ်ခဲ့ကြသည့် လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံရေးသမားဟောင်းများကလည်း  ၎င်းတို့၏ ရပ်တည်ချက်များကို ပြောင်းလဲကာ ပြီးခဲ့သည့် တစ်လောကမှ ထုတ်ပယ်ခံထားရသည့် ဒုသမ္မတ အီမာဆင် အမ်နန်ဂါဂွာကို ထောက်ခံနေကြပြီ ဖြစ်သည်။

နိုင်ငံတွင် စစ်တပ်က အာဏာလွှဲယူထားပြီးနောက်ပိုင်း ယမန်နေ့ကတော့ မူဂါဘီတစ်ယောက် အများပြည်သူရှေ့ ပထမဆုံးအကြိမ် ပြန်လည်ပေါ်ထွက်လာခဲ့သော်လည်း ယခုအခါ ဆယ်စုနှစ်လေးစုနီးပါးကြာ နိုင်ငံကို အုပ်ချုပ်လာခဲ့သည့် ၎င်းကို ရာထူးမှ ဖြုတ်ချရန် အာဏာရပါတီက လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly