လူငယ်တစ်ယောက်အတွက် အသိပညာနယ်နိမိတ် (၂)

လူငယ်တစ်ယောက်အတွက် အသိပညာနယ်နိမိတ် (၂)

 

ပြီးခဲ့တဲ့နေ့က ရေးခဲ့တဲ့ အကြောင်းအရာကို ပြန်နွှေးရမယ်ဆိုရင် လူငယ်တစ်ယောက်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်စာတိုလေးကို မလေးမစား လှောင်ပြောင်သလို ရေးခဲ့တဲ့ အကြောင်းအရာကို ကျွန်တော်ရေးခဲ့ပါတယ်။

ပြီးတော့ တမျိုးသားလုံးက လေးစားကြည်ညိုတဲ့ အမျိုးသားခေါင်းဆောင်ကြီး တစ်ယောက်ကို အဲဒီလူငယ်ဟာ ဘာ့ကြောင့် ပေါ်ပေါ်ထင်ထင်ပဲ အင်တာနက် လူမှုကွန်ရက်မှာ လှောင်ပြောင်ခဲ့ရတာလည်း။ ဘာ့ကြောင့် အဲဒီလူငယ်ဟာ တမျိုးသားလုံးရဲ့ ဆန္ဒကို ဆန့်ကျင်ပြရဲရတာလည်း။ စဉ်းစား ဝေဖန်ကြည့်ကြဖို့ ကျွန်တော် တိုက်တွန်းခဲ့ပါတယ်။

တကယ်တော့ အများဆန္ဒနဲ့ဆန့်ကျင်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မလေးမစား မခန့်မညား ပြောဆို၊ ပြုမူ၊ သဘောထားတဲ့အလုပ်ကို ဒီလူငယ်လေးကြမှစပြီး လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အနည်းငယ် နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင် အမျိုးသားခေါင်းဆောင်ကြိီးကို ဟိုယခင်ကတည်းက ဆန့်ကျင်ပြုမှုပြခဲ့ကြတဲ့ သာဓကတွေ ရှိတော့ ရှိခဲ့ပါတယ်။  အဲဒီလို ဆန့်ကျင်ပြခဲ့ကြ သူတွေဟာ ဘယ်လို လူတွေလည်း။

ဥပမာ…၊ နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်က မြို့နယ် တရားသူကြီးက ဗိုလ်ချုပ်အောင်ဆန်းကို ငါးကျပ်တန် ဆုတော်ငွေနဲ့ ဖမ်းဝါးရမ်းထုတ်ခဲ့ဖူးပါတယ်။ ရည်ရွယ်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ( အဲဒီအချိန်တုန်းကတော့ သခင်အောင်ဆန်းပေါ့လေ။) ကို တမင် ဂုဏ်သိက္ခာချိုးနှိမ်တဲ့သဘော ပြချင်လို့ အခုလို ငါးကျပ်တန် ၀ရမ်းထုတ်ခဲ့တာပါ။ ဗမာပြည်သူတွေက သခင်အောင်ဆန်းကို လေးစားကြ အားကိုးကြ၊ သခင်အောင်ဆန်းကလည်း တိုင်းပြည် လူမျိုးခြားလက်အောက်က လွတ်မြောက်အောင် အစွမ်းကုန်အလုပ်လုပ်။ ဒီတော့ ဗမာပြည်သူတွေက သခင်အောင်ဆန်းမှ သခင်အောင်ဆန်းဖြစ်နေတဲ့အချိန် မင်းတို့ အထင်ကြီးနေတဲ့ အောင်ဆန်းဆိုတာ ဘာမှမဟုတ်ဘူး။ ငါးကျပ်လောက်ပဲ တန်ဘိုးရှိတဲ့လူ ဆိုတဲ့သဘော ချိုးနှိမ်ပြိီး ပြောချင်ပြချင်လို့ အဲသလို အမိန့်ထုတ်ခဲ့တာပါ။

တခါ နောက်ထပ် ဥပမာတစ်ခု။ ဒါကတော့ ကိုယ်ထိလက်ရောက် ရာဇဝတ်မှုကြီး ကျူးလွန်တဲ့အထိ ဆန့်ကျင်ပြခဲ့တဲ့ကိစ္စ။ ဂဠုန်ဦးစောလို့ခေါ်တဲ့ လူတစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်းကို သတ်ဖြတ်တဲ့အထိ ကျူးလွန်ပြီးမှ ဆန့်ကျင်ပြခဲ့တဲ့ကိစ္စ။ သူကတော့ တမျိုးသားလုံးက တန်ဘိုးထား လေးစားနေသူကို အသက် သေတဲ့အထိ လုပ်ကြံသတ်ဖြတ်ပြိီး တမျိုးသားလုံးရဲ့ အလေးအနက်ထားမှုကို ဆန့်ကျင်ပြခဲ့တာ။

တခါ…၊ နောက်ထပ် ဥပမာတစ်ခု။ ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း ဒီမိုကရေစီ တောင်းဆိုဆန္ဒပြကြတဲ့ ပြည်သူတွေက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံကို ကိုင်ပြီး ဆန္ဒပြတဲ့အခါ စစ်အာဏာရှင်အစိုးရ လက်ကိုင်တုတ် လုံထိန်းတွေက ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို စစ်ဖိနပ်နဲ့ နင်းပြခဲ့တာ။

ဒီဥပမာတွေကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် တမျိုးသားလုံးက လေးစားချစ်ခင်ကြတဲ့ အမျိုးသား ခေါင်းဆောင်ကို သူတို့ဘာပြုလို့ ဆန့်ကျင်ထုတ်ဖေါ်ပြခဲ့ကြသလဲ။ အင်္ဂလိပ်အစိုးရလက်ထက်မှာ အင်္ဂလိပ်အစိုးရ အကျိုးကိုပဲကြည့်ပြီး ဗမာပြည်သူတစ်ရပ်လုံးကို တမင်ဆန့်ကျင်ပြခဲ့သူဟာ အင်္ဂလိပ်အစိုးရ ပေးစာကမ်းစာနဲ့ ရပ်တည်ကြိီးပွားတဲ့ အင်္ဂလိပ်အစိုးရ အလိုတော်ရိဖြစ်နေတာ သွားတွေ့ရပါတယ်။

တခါ ဂဠုန်ဦးစောကြတော့ ဒီတိုင်းပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းရှိနေရင် သူက တိုင်းပြည် စီမံအုပ်ချုပ်ဖို့ အခွင့်အရေး မရှိနိုင်ဘူးလို့မြင်လို့ု့၊ ပြည်သူတွေက သူ့ကို လက်မခံဘူးဆိုတာသိလို့ သူ့ကိုယ်ကျိုးအတွက် ဗိုလ်ချုပ်အောင်ဆန်းမရှိရင် သူ့လက်ထဲ တိုင်းပြည်အာဏာ ရလာနိုင်တယ်ဆိုတဲ့ အမြင်နဲ့ ဗိုလ်ချုပ် အောင်ဆန်းကို သတ်ဖြတ်တဲ့အထိ ရာဇဝတ်မှုကြီး ကျူးလွန်ခဲ့သူပါ။

တခါ.... ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို ခြေထောက်နဲ့ ချနင်းခဲ့တဲ့ လုံထိန်းတွေကြတော့ စစ်အာဏာရှင်ကို ကျေးဇူးရှင်လို့မြင်ပြီး ပြည်သူလူထုကို မုန်းတိီး ဆန့်ကျင်တဲ့စိတ်၊ ပညာညာဏ်  ဗဟုသုတနည်းပါးပြီး ဘာမဆို လက်နက်နဲ့ဖြေရှင်းရင် ပြီးတယ်ဆိုတဲ့ အတွေးလောက်သာ ရှိနေတတ်ကြတော့ လုပ်သင့်မလုပ်သင့် လုပ်ထိုက်မလုပ်ထိုက် ခွဲခြားမသိနိုင်အောင် ဖြစ်ခဲ့ရတဲ့သဘောပါပဲ။

ကိုင်း…ဒါတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းလို တမျိုးသားလုံးက လေးစားကြရတဲ့ အမျိုးသား ခေါင်းဆောင်ကို ဟိုးယခင်ကတည်းက မလေးမစား မခံ့မညား ဆန့်ကျင်ပြရဲခဲ့ကြသူတချို့ကို လက်လှမ်းမိီသလောက် ပြန်စဉ်းစားကြည့်တဲ့သဘောပါပဲ။

ဒီတစ်ခါ အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာ ဗိုလ်ချုပ်အောင်ဆန်းကို လှောင်ပြောင် သရော်တဲ့စတေးတပ်တင်သူ ဒီလူငယ်က ယခင့်ယခင်တုန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်ပြ ခဲ့ကြသူတွေနဲ့မတူ တမူထူးခြားနေတာ ရှိနေပြန်ပါတယ်။ ဒီလူငယ်ဟာ တကယ်တော့ သူ့ကိုယ်ကျိုးကို တိုက်ရိုက်ထိခိုက်လို့ ဗို်လ်ချုပ်အောင်ဆန်းကို ဆန့်ကျင်လှောင်ပြောင်ခဲ့တာ မဟုတ်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်ပြခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို မလိုလားကြတဲ့သူတွေ ၀မ်းသာရအောင် တမင် မျက်နှာလိုမျက်နှာရ ထလုပ်တာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ဒါက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ကိုယ်ရေးအချက်အလက်တချို့အပေါ်မူတည်ပြီး စဉ်းစားလို့ရတဲ့ အဖြေပါ။ ဒါဖြင့်ရင် ဘာပြုလို့များ ဒီလူငယ်က အမျိုးသားခေါင်ဆောင်ကြီးကို ပေါ်ပေါ်တင်တင် လှောင်ပြောင် သရော်ခဲ့တာလည်း။ ဒီလို တဆင့်တက်ပြိီး စဉ်းစားတဲ့အခါ ကျွန်တော်တို့ခေါင်းတွေ ထူပူသွားအောင်ဖြစ်စေတဲ့ အဖြေကို သွားတွေးမိပါတယ်။

မဟုတ်မှလွဲရော…၊ နှစ်ပေါင်း ခြောက်ဆယ်ကျော် တည်တန့်ခဲ့တဲ့ အတ္တဗဟိုပြုဝါဒ သို့မဟုတ် ညာဏ်ပညာနဲ့ နှလုံးသားအပေါ်မူမတည်ဘဲ ညာဏ်ပညာနည်းပါးမှုနဲ့ အဓမ္မဝါဒအပေါ် မူတည်တဲ့ အတွေးအခေါ် အယူတစ်ခုဟာဖြင့် ဒီတိုင်းပြည်မှာ စိုးရိမ်ထိတ်လန့်ဖွယ် ကောင်းလောက်အောင် စူးဝင်ပြန့်နှံ့စပြုနေပြိီ ဆိုတဲ့အဖြေကို သွားတွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို အသိအမှတ်မပြုနိုင်ခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်း၊ ကိုယ့်နိုင် ငံရဲ့သမိုင်း၊ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေရဲ့ လိုလားတောင့်တချက်များ၊ မြန်မာ့အခြေအနေနဲ့ ကမ္ဘာ့အ ခြေအနေ၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ ဗြဟ္မစိုလ်တရားအပေါ် မထိတွေ့နိုင်၊ မနီးစပ်နိုင်တဲ့ ပညာရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုအခင်းအကျင်းများ နှစ်ပေါင်းများစွာ လွှမ်းမိုး ကျယ်ပြန့်နေခဲ့ခြင်းကြောင့်သာ ဒိီလူငယ်ဟာ ကိုယ်ပြုလုပ်လိုက်တဲ့အပြုအမူရဲ့ အတိမ်အနက် အကျယ်အပြန့်ကို သတိမမူနိုင် မတွက်ချက် နိုင်လောက်အောင် အတွေးအခေါ် တိမ်းစောင်းချို့ယွင်းနေသူဖြစ်တယ်ဆိုတဲ့ အဖြေကို ရလာပါတယ်။

မှန်ပါတယ်။ လူငယ်တွေဟာ အဲသလိုအခင်းအကျင်းကြီးထဲက လွတ်အောင် ရုန်းထွက်ကြရပါလိမ့်မယ်။ အဲသလို အသိတရား အမှောင်ရိပ် အထိုးခံနေရတာကို ဖယ်ရှားပစ်ကြရပါလိမ့်မယ်။ လူငယ်တွေ စာဖတ်ကြရပါလိမ့်မယ်။ လူငယ်တွေ သမိုင်းကို အသိရှိရှိ လေ့လာသုံးသပ်ကြရပါလိမ့်မယ်။ လူငယ်တွေရဲ့ ဦးခေါင်းထဲမှာ ရွှေအတိပြိီးတဲ့ မြင့်မား သစ်လွင်လတ်ဆတ်မွန်မြတ်တဲ့ အသိညာဏ်ပညာတွေသာ ရှိစေရပါမယ်။ လူငယ်တွေရဲ့ ခေါင်းထဲ အန္တရယ်ရှိတဲ့ မြွေတွေ ၀င်ခွေနေတာကို မောင်းထုတ်ကုစားဖို့ အရေးကြီးပါတယ်။ လူငယ်တွေရဲ့ အသိဉာဏ်ပညာနယ်နိမိတ် ကျယ်ပြန့်နိုင်ကြပါစေဗျား။   

လူငယ်တစ်ယောက်အတွက် အသိပညာ နယ်နိမိတ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly