ရန်ကုန်တိုင်းအတွင်း CNG ဂတ်စ်ဆိုင်အချို့ ဖွင့်လှစ်ချိန် ကန့်သတ်လိုက်၍ YBS နှင့်ယာဉ်မောင်းများ အခက်အခဲရှိ

ရန်ကုန်တိုင်းအတွင်း CNG ဂတ်စ်ဆိုင်အချို့ ဖွင့်လှစ်ချိန် ကန့်သတ်လိုက်၍ YBS နှင့်ယာဉ်မောင်းများ အခက်အခဲရှိ

 

ရန်ကုန်၊နိုဝင်ဘာ၁၈ ။         ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မော်တော်ယာဉ်အသုံးပြု CNG ဂတ်စ်ဆိုင်အချို့ ဖွင့်လှစ်ချိန် ကန့်သတ် လိုက်သဖြင့် ၂၄ နာရီအရောင်းဆိုင်များတွင် ကားများစုပြံုမှုကြောင့် YBS ကုမ္ပဏီကားအချို့ နေ့စဉ် ဂတ်စ် တန်းစီရာ အချိန်ပိုမိုကြန့်ကြာနေကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG (ဂတ်စ်)အရောင်းဆိုင် ၄၁ ဆိုင် အနက်  ၂၇ ဆိုင်ကို မနက် ၆ နာရီမှ ည ၁၀ နာရီအထိ ရောင်းချမည့်ဆိုင် ၂၁ ဆိုင်၊ မနက် ၆ နာရီမှ ည နေ့လည် ၂ နာရီ အထိ ရောင်းချပေးမည့် ၆ ဆိုင်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ၂၄ နာရီ CNG (ဂတ်စ်)အရောင်းဆိုင် ၁၄ ဆိုင်သာ ကျန်ရှိတော့သောကြောင့် ဂတ်စ်ဖြည့်ရန် အကြိမ်ကြိမ် တန်းစီနေရသောကြောင့် YBS ကားများအနေဖြင့် အချိန်ကြန့်ကြာပြီး ကားခေါက်ရေနည်းကာ  ၀င်ငွေကျဆင်းနေကြောင့် YBS ကုမ္ပဏီတစ်ချို့မှ သိရသည်။

လက်ရှိအချိန်တွင် ပုံမှန် သုံးခေါက်ဆွဲနိုင်သည့်ကားများမှာ နှစ်ခေါက်သာ ပြေးဆွဲနိုင်ပြီး ၄င်းတို့ကုမ္ပဏီအနေဖြင့် ဝင်ငွေနည်းပါးသွားရသည်ဟု YBS ၈၀ ယာဉ်လိုင်းကို တာဝန်ယူနေသည့် Trans Link ကုမ္ပဏီမှ အက်ဒမင် မန်နေဂျာ ဦးအောင်မိုးက ပြောသည်။

“ ကျွန်တော်တို့ကတော့ အခုကတော့ ယာဉ်မောင်းတွေကိုတော့ နားပေးထားတယ်လေ။  ဘာလို့လဲဆို နောက်နေ့ မောင်းရင် မလန်းဆန်းမှာစိုးလို့လေ။ ကျွန်တော် CNG ထည့်တဲ့ယာဉ်မောင်း သပ်သပ် ခေါ်ထားတာ ခေါ်ပြီးတော့ ငှားထည့်တာပေါ့"ဟု ဦးအောင်မိုးက ပြောသည်။

အလုံမြို့နယ်အတွင်းရှိ  ၂၄ နာရီဖွင့်လှစ်သည့် ဂတ်စ်ဆိုင်တစ်ခုတွင် တစ်နေ့လျှင် ဘတ်စ်ကား အကြိမ်ရေ ၂၀၀ ကျော် ၊ တက္ကစီအကြိမ်ရေ ၁၈၀၀ ကျော် နေ့စဉ်လာရောက် ဂတ်စ် တန်းစီနေရကြောင်း ၄င်းဂတ်စ်ဆိုင်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၄င်းဂတ်စ်ပြဿနာကို ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (YRTA ) ထံ တင်ပြသွားမည်ဟု YBS ၈၀ ယာဉ်လိုင်းကုမ္ပဏီမှ ဦးအောင်မိုးက ဆိုသည်။

လက်ရှိတွင် YBS ကားများသည် ၄င်းတို့ဂိတ်နှင့် လမ်းကြောင်းသင့်မှုတို့အပေါ်မူတည်ကာ နီးစပ်ရာ ဂတ်စ် ဆိုင်များတွင် နေ့စဉ်ဖြည့်တင်းနေရသည်။

"အိမ်က မြောက်ဥက္ကလာမှာဆိုတော့ သွားရလာရတာခက်ခဲတော့ ၄နာရီလောက်ထိ ဒီကို။  တခါတလေကြရင် ကားစီးတာ တစ်နာရီခွဲလောက် ကြာတယ်။ ကားတွေက ရှားနေတယ်။ အဲဒါကြောင့်မို့ ဒီကို မနက်မိုးလင်းရင် ၆ နာရီ၊ ၆ နာရီခွဲလောက်မှ ရောက်တယ်။ ဂတ်စ်မရှိလို့ ဂတ်စ်ပြန်ထည့်လည်း မနက်ဆိုရင် တခါတလေကြရင် ၁၀ နာရီ လောက်မှ ထွက်ဖြစ်တယ်"ဟု YBS ၈၀ မှ ယာဉ်မောင်း ကိုမောင်မြတ်သူက ပြောသည်။

ထို့အပြင် တစ်နေ့ကို သုံးဝိုင်း(အသွားအပြန်သုံးကြိမ်)မောင်းနှင်ရကာ မူရင်းလစာအပြင် တစ်ဝိုင်းစာအတွက် နှစ်ထောင်၊ သုံးဝိုင်းစာအတွက် ခြောက်ထောင် ထမင်းဖိုး နှစ်ထောင် စုစုပေါင်း ရှစ်ထောင်ရလေ့ရှိသည်။ သို့သော်ယခုနောက်ပိုင်းတွင် ၄င်းတို့ကုမ္ပဏီမှ ဝင်ငွေကျလာသည့်အတွက် ထမင်းစရိတ် တစ်ထောင်၊ သုံးဝိုင်းပေါင်း ဝင်ငွေရှစ်သောင်းရှာနိုင်မှ ရှစ်ထောင်အပြည့်ပေးနေရသည်ဟု ယာဉ်မောင်း ကိုမောင်မြတ်သူက ပြောသည်။

အချို့ယာဉ်လိုင်းများမှာမူ ဂတ်စ်တန်းစီရန် လူစားမရှိသောကြောင့် ညအိပ်၍ ကိုယ်တိုင်တန်းစီကာ မနက် ကားမောင်းထွက်ရကြောင်း သိရသည်။ YBS စနစ်မှ ယာဉ်မောင်းများသည် ညမိုးချုပ်သည်အထိ ပြေးဆွဲနေရသည့်ထက် ဂတ်စ်ထည့်ရန် တန်းစီနေရ သည်က အချိန်ပိုကုန်နေပြီး ၄င်းတို့အိမ်အပြန်အတွက် ဘတ်စ်ကားမရှိတော့ကြောင်း၊ ညအိပ်စောင့်ဆိုင်းရသည့် အခါများလည်းရှိကြောင်း YBS ၄၁ ၊ ၃၉ တို့မှ ယာဉ်မောင်းများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဂတ်စ်ဆိုင် ၄၁ ဆိုင်ရှိနေပြီး ဂတ်စ်ထည့်ထားသည့်တွဲနှင့် ရောင်းချ သည့်ဆိုင် ၆ ဆိုင်၊ ဂတ်စ်ပိုက်များဖြင့် ရောင်းချနေသည့်ဆိုင် ၃၅ ဆိုင်ရှိကာ ၄င်းတို့ထဲတွင် တက္ကစီသီးသန့် ဂတ်စ်ရောင်းချပေးနေသည့်ဆိုင် ၄ ဆိုင်ရှိနေပြီး ဘတ်စ်ကားနှင့်တက္ကစီများအတွက် ရောင်းချပေးနေသည့်ဆိုင်  ၃၁ ဆိုင် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly