ပလက်ဝ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ စတင်ထောက်ပ့ံနေ

ပလက်ဝ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ စတင်ထောက်ပ့ံနေ

 

ရန်ကုန် ၊ နို၀င်ဘာ၁၈ ။                 ။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အစိုးရ နှင့် ရက္ခိုင့်အဖွဲ့ AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးရှောင် ဒုက္ခသည်များကို ပြည်နယ်အစိုးရမှ စတင် ထောက်ပ့ံပေးနေပြီဟု ချင်းပြည်နယ်၊ စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

"နိုဝင်ဘာ ၁၆ ရက်နေ့က ကျွန်တော်ကိုယ်တိုင် ပလက်ဝကို သွားပြီးတော့ ထောက်ပံ့ပေးခဲ့ပါတယ်။ ထောက်ပံ့ ပေးခဲ့တဲ့အထဲမှာ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ အလှူရှင်တွေ့ရဲ့ ပူးပေါင်းပါ၀င်မှုနဲ့ ဆန်အိတ် ၂၀၀ ပေါ့နော်၊ လူကယ်ပြန်ကနေပြီးတော့ ဆန်အိတ် ၁၀၄ အိတ် လှူဒါန်းထားပါတယ်" ဟု ၄င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက စတင်ကာ ပလက်ဝမြို့နယ်အတွင်း၌ အစိုးရတပ်များနှင့် ရက္ခိုင့်အဖွဲ့ AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၆၇ စု၊ လူဦးရေအားဖြင့် ၃၄၀ ခန့် ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံများသည် ကုလားတန်မြစ်အထက်ပိုင်း ပြိုင်ကင်းဝနှင့် ရှင်းလက်ဝသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ရှောင်ဒုက္ခသည်များကို ချင်းပြည်နယ်အစိုးရမှ စတင် ထောက်ပ့ံပေးနေခြင်း ဖြစ်သည်။

ကယ်ဆယ်ရေး သွားရောက်မည့်သူများအနေဖြင့် နယ်မြေလုံခြံုရေးအရ စိတ်ချရခြင်း မရှိသောကြောင့် အဖွဲ့များ စုဖွဲ့ပြီး ယာဉ်တန်းလုံခြံုရေးဖြင့် သွားရောက်ခဲ့ရသည်ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

ယခုနှစ် သြဂုတ်လကုန်ပိုင်းတွင်လည်း ကုလားတန်မြစ်အနောက်ဘက်ခြမ်း ကန်သရက် တောင်တန်းအနီးတွင် တပ်မတော်နှင့် AA အဖွဲ့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်သည်များ ကျဆုံးမှုများရှိခဲ့သည်။

ယင်းထိတွေ့မှုတွင် AA အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသော်လည်း AA ဘက်ကမူ တပ်မတော်ဘက်မှ စတင်ဝင်ရောက်၍ ပစ်ခတ်ခြင်း ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ရက္ခိုင့်အဖွဲ့ AA သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly