အမှုထမ်း ၄၄ ဦးလိုက်ပါသွားသည့် ရေငုပ်သင်္ဘော ပျောက်ဆုံးနေ၍ အာဂျင်တီးနား အပူတပြင်း ရှာဖွေနေ

အမှုထမ်း ၄၄ ဦးလိုက်ပါသွားသည့် ရေငုပ်သင်္ဘော ပျောက်ဆုံးနေ၍ အာဂျင်တီးနား အပူတပြင်း ရှာဖွေနေ

 

နိုဝင်ဘာ ၁၈ ။                                      ။ အမှုထမ်း ၄၄ ဦးလိုက်ပါသွားသည့် အာဂျင်တီးနား ရေငုပ်သင်္ဘောတစ်စင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်က နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအပြင်ဘက်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် ယခုအခါ ယင်းကို အမြန်ဆုံး ပြန်လည်ရှာတွေ့ရေးအတွက် ရေတပ်က အပူတပြင်း လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ပျောက်ဆုံးပြီးနောက် ၄၈ နာရီအတွင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်ထိ ရေငုပ်သင်္ဘော ဆန်ဟွမ်နှင့် အဆက်အသွယ် ပြန်မရသေးကြောင်း အာဂျင်တီးနား ရေတပ်က ထုတ်ပြန်ထားသည်။

" ခုထက်ထိ ရှာမတွေ့သေးပါဘူး၊ အရိပ်အယောင်ဆိုလို့ ဘာမှ မမြင်ရသေးသလို ရေဒါ အဆက်အသွယ်လည်း မရသေးပါဘူး" လို့ ရေတပ်မှ ပြောခွင့်ရသူတစ်ဦးဖြစ်သည့် အန်ရီကေး ဘယ်လ်ဘီက ပြောသည်။

အမေရိကန်၊ ဗြိတိန်နှင့် ချီလီတို့ထံမှ အကူအညီပေးရန် ကမ်းလှမ်းမှုများကိုလည်း မိမိတို့ လက်ခံရရှိထားကြောင်း ၎င်းက ပြောသည်။

TR-1700 ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောသည် တောင်အမေရိကတိုက် တောင်ပိုင်းစွန်းရှိ အက်ရှုအာရာ မြို့ကနေတဆင့် ဗျူနိုအေးရိစ် တောင်ပိုင်း ကီလိုမီတာ ၄၀၀ အကွာ မာဒယ် ပလက်တာမြို့ရှိ အခြေစိုက်စခန်းကို ပြန်လည် မောင်းနှင်လာခဲ့စဉ် လမ်းမှာ ရုတ်တရက် ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ယင်း ဆန်ဟွမ် ရေငုပ်သင်္ဘောကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က နောက်ဆုံး အဆက်အသွယ်ရခဲ့ပြီး နောက်တစ်နေ့တွင် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်က ဝေဟင်နှင့် ရေပြင် ရှာဖွေရေးလုပ်ငန်းများ အားချင်း လုပ်ဆောင်ခဲ့သော်လည်း အခြေအနေ မထူးခဲ့ပေ။

ယင်း ရေငုပ်သင်္ဘောသည် ခုတ်မောင်းလာရင်း မီးလောင်သွားခြင်း ဖြစ်နိုင်သည်ဆိုသော သတင်းများကိုလည်း ရေတပ်က ပယ်ချထားသည်။

အဆိုပါ ပျောက်ဆုံးနေသည့် ဆန်ဟွမ်သည် အာဂျင်တီးနား ရေတပ်တွင် ရှိသည့် ရေငုပ်သင်္ဘော သုံးစင်းထဲမှ တစ်စင်းလည်း ဖြစ်သည်။

" အမှုထမ်းတွေ ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ ကျွန်တော်တို့ ဆုတောင်းရုံပဲ ရှိပါတော့တယ်၊ ပင်လယ်ပြင်မှာက သူတို့အားလုံးဟာ ညီအကိုတွေပါ၊ တကယ်တမ်းမှာက ရေငုပ်သင်္ဘောတစ်စင်းဆိုတာက သာမန်သင်္ဘောတစ်စင်းထက် ပိုပြီးတော့တောင် အန္တရာယ်နဲ့ စွန့်စားရတတ်ပါတယ်" ဟု ရေငုပ်သင်္ဘောနှင့်အတူ ပျောက်ဆုံးနေသူတစ်ဦး၏ ဖခင်ဖြစ်သည့် အက်ဒွါဒိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required