လူငယ်တစ်ယောက်အတွက် အသိပညာ နယ်နိမိတ်

 

လွန်ခဲ့တဲ့ တစ်ပါတ်လောက်က အင်တာနက် လူမှုကွန်ရက်စာမျက်နှာတစ်ခုမှာ ထိတ်လန့်စိုးရိမ်ဖွယ် စတေးတပ်တစ်ခု ဖတ်ခဲ့ကြရပါတယ်။ “ကြည်ရေ ရမ်တစ်ပက်နဲ့ ကြက်ကြော်တစ်ပေါင် စားချင်တယ်” ဆိုတဲ့ စတေးတပ်ကို ကျွန်တော်တို့ ဖတ်ခဲ့ကြရပါတယ်။ သာမာန်အားဖြင့်ဆိုရင် ဒီိလိုရေးတင်တာ ဘာမှမဆန်းလှပေမယ့် ဒီစတေးတပ်ရဲ့ထူးခြားချက်က တမျိုးသားလုံးရဲ့ဖခင်လို့ တင်စားပြောဆိုရမယ့် ဗိုလ်ချုပ်အောင်ဆန်းက ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ဆီ စာရေးပို့တဲ့ သမိုင်းဝင်စာကို မလေးမစား လှောင်ပြောင် ပြောဆိုတဲ့ အရေးအသားဖြစ်နေတာရယ် ရေးတင်သူက အသက် နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦး ဖြစ်နေတာရယ်ကြောင့် ကျွန်တော်တို့တတွေ အတော့ကို စိတ်ပူပန်ထိတ်လန့်ခဲ့ကြရပါတယ်။

အဲသလို အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်စာတိုလေးကို အဲဒီလူငယ်က ဘာပြုလို့ ပြောင်လှောင်ရေးတင်ခဲ့တာလည်း။ သေချာတာကတော့ သူ့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ခံယူသိရှိထားတဲ့ အချက်က တမျိုးသားလုံးရဲ့အမြင်နဲ့ မကိုက်ညီကွဲပြားနေတာကတော့ သေချာနေပြီဆိုတဲ့အချက်ပါပဲ။ ပိုပြီး စိတ်ပူမိတဲ့အချက်က တမျိုးသားလုံးက လေးစားတန်ဘိုးထားတဲ့ အမျိုးသားခေါင်းဆောင်တစ်ဦးကို အဲဒီလူငယ်က လူတကာ အလွယ်တကူ ဖတ်ရှုလို့ရတဲ့ စာမျက်နှာပေါ် ဘာပြုလို့ ပေါ်ပေါ်တင်တင် ရေးတင်ဝံ့ရဲတာလည်း။ ဒီစတေးတပ်ကို ဖတ်ကြည့်ခြင်းအားဖြင့် ဒီလူငယ်ဟာ တမျိုးသားလုံးရဲ့ဆန္ဒနဲ့ သဘောထားအမြင်ကို အလွယ်တကူ ဆန့်ကျင်ရဲတဲ့အထိ အယူအဆ မှားယွင်းတိမ်းစောင်းနေတာဟာ ဘာကြောင့်လည်း။ သူ့ရဲ့သဘောထားဟာ သူတစ်ယောက်ထဲမှာတင် ရပ်နေတဲ့ သဘောထားကော ဟုတ်ပါရဲ့လား။ ဒါလည်း ထပ်ပြီး စိတ်ပူရမယ့်သဘော ရှိနေပြန်ပါတယ်။ အောက်မှာ သူ့ကို ထောက်ခံအားပေးတဲ့ ကွန်းမင့်တွေ   တွေ့ရခြင်းအားဖြင့် ဒါကတော့ သူတစ်ဦးတည်းရဲ့အမြင်မဟုတ်တော့ပဲ လူတစ်စုရဲ့အမြင်ဖြစ်နေပြိိီဆိုတဲ့ အဖြေကို သွားတွေ့ရပြန်ပါတယ်။ တကယ့်ကို စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေပဲလို့ ပြောလို့ရပါတယ်။

ဒီစတေးတပ်ကိုဖတ်တော့ တချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ခြေခြေမြစ်မြစ် မသိဘဲ ဗိုလ်ချုပ်အောင်ဆန်းလိုလူကိုလုပ်ကြံဖို့ ကြိုးပမ်းကြသူတွေနဲ့ ပူးပေါင်းမိတဲ့ လူငယ်တစ်ဦးကို သွားတွေးမိပါတယ်။ သူ့နာမည်က “သုခ” ပါ။ အသက် ၁၈ ပင် မပြည့်သေးတဲ့ လူငယ်ပါ။ နှိုင်းယှဉ်စဉ်းစားတယ်လို့သာဆိုပေမယ့် သုခနဲ့ အခု ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်စာတိုလေးကို မလေးမစား လှောင်ပြောင်ရေးသားတဲ့ လူငယ်နဲ့က နည်းနည်းကွဲပြားနေတာ ရှိနေပြန်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့ ကြိုးစားခဲ့သူ သုခ ဟာ လုပ်ကြံမှုကြီးကြောင့် ထောင်ထဲရောက်တဲ့အခါကြမှ ဗိုလ်ချုပ်အောင်ဆန်းဟာဖြင့် တတိုင်းတပြည်လုံးက လေးစားချစ်ခင်တဲ့ အမျိုးသားခေါင်းဆောင်တစ်ဦးဆိုတာ သိလာရသူပါ။ သူဟာ ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုလူလည်းဆိုတာ လုပ်ကြံမှုကြီးပြီးမှ သိလာရသူပါ။ သူ ပါ၀င်ကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးဟာ သာမာန်ကျူးလွန်မှု မဟုတ်ဘဲ တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးပါလားဆိုတာ ထောင်ထဲရောက်ကာမှ သိလာသူပါ။ ဒါပေမယ့် တရားဥပဒေကတော့ ဥပဒေပါပဲ။ မသိလို့ကျူးလွန်တဲ့ လူငယ်တစ်ဦးဖြစ်ပေမယ့် ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိရဘူးဆိုတော့ကာ ထောင်တစ်သက် ကျခံရပါတော့တယ်။ ဒါတောင် အသက် ၁၈ နှစ်မပြည့်သေးလို့သာပါ။ သေဒဏ်အထိ ကျခံရဖွယ်ရှိတဲ့ အပြစ်ကြီးပါ။ အဆိုးဆုံးကတော့ သုခ ဆိုတဲ့ လူငယ်လေးရဲ့ ဆွေမျိုးမိဘအသိုင်းအဝိုင်း၊ သူ့ ရပ်၊ သူ့ရွာ သူ့မြို့ကအစ သူ့ကြောင့် မျက်နှာငယ်ရ၊ သမိုင်းမှာ ဒီလိုအပြစ်မျိုးကျူးလွန်ခဲ့သူနဲ့ ပတ်သက်ခဲ့သူများအဖြစ် သိမ်ငယ်ကြရတဲ့ အဖြစ်ဟာ မသေးလှပါဘူး။

ဒီနေရာမှာ အင်တာနက်လူမှုကွန်ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်စာတိုလေးကို ပြောင်လှောင်ချိုးနှိမ် ရေးသားခဲ့သူဟာ သုခ နဲ့မတူပါဘူး။ နှိုင်းယှဉ်စဉ်းစား ကြည့်လို့သာ ရပေမယ့် သူတို့နှစ်ဦးက အခြေအနေချင်း မတူကြပါဘူး။ သုခ တို့ခေတ်က အခုလို အင်တာနက် လူမှုကွန်ရက်လို ဆက်သွယ်ရေးနည်းစနစ်တွေ မရှိပါဘူး။ သတင်းစာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ သတင်းအချက်အလက်တွေကို လူတွေက တဆင့်စကား တဆင့်နားဆိုတဲ့နည်းကိုပဲ အဓိက အားပြုကြရတဲ့ခေတ်လို့ပြောရင်ရတဲ့ ခေတ်ပါ။ ဒီတော့ သုခ က ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကောင်းကောင်းမသိသူ ဖြစ်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ သုခက ဗိုလ်ချုပ်အောင်ဆန်းကို ခြေခြေမြစ်မြစ်ဖြစ် မသိလို့ အပြစ်ကျူးလွန်တာ ဖြစ်တယ်လို့ ဖေါ့ပြီးစဉ်းစားလို့ရပေမယ့် အခု အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းကို မလေးမစား လှောင်ပြောင်ရေးသားသူက အဲသလိုမဟုတ်ပါဘူး။ သူက ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်သူဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို တမျိုးသားလုံးက လေးစားချစ်ခင်တယ် ဆိုတာကိုလည်း တစုံတရာသိသူဖြစ်တယ်။ ကမ္ဘာတည်သရွေ့စံထားကြရမယ့် အမျိုးသားခေါင်းဆောင်ဖြစ်တယ်လို့ လူတကာ အလေးအနက်ထားနေကြတာကိုလည်း သူသိဟန်တူတယ်လို့ ယူဆနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဲဒီစာတိုလေးကို သူ သိနေခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲ ဘယ်လိုလူစားလဲဆိုတာ သူကောင်းကောင်း သိနေသူဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါဖြင့်ရင် ဘာပြုလို့ ဒီလိုခေါင်းဆောင် ဒိီလိုလူမျိုးကို သူက မလေးစားနိုင်ရတာလည်း။ ဘာပြုလို့ သူက လူတကာ အလွယ်တကူ ဖတ်ရှုနိုင်တဲ့ အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ပေါ်ပေါ်ထင်ထင် စာရေးပြီး လှောင်ပြောင်ရဲတာလည်း။ တမျိုးသားလုံးရဲ့ဆန္ဒသဘောထားကို သူက ဘာပြုလို့ ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ပြရဲတာလည်း။ အခြေအနေအရပ်ရပ်ကို ကောင်းကောင်းသိထားတဲ့ လူငယ်တစ်ယောက်ဟာ ဘာပြုလို့ တမျိုးသားလုံးရဲ့သဘောထားကို ပြောင်ဆန့်ကျင်ပြီး ပြောရဲတာလည်း။ တမျိုးသားလုံး လေးစားချစ်ခင်တဲ့ အမျိုးသားခေါင်းဆောင်ကြီးအပေါ် ဘာပြုလို့ မလေးမစား ပြုမူရဲတာလည်း။ သူဟာ ဘယ်လိုလူငယ်များလည်း။ ဘာ့ကြောင့် သူဟာ အများသူငါ စိတ်မချမ်းမြေ့စေနိုင်တဲ့အလုပ်ကို ပြောင်အတိအလင်း လုပ်ချင်ရတာလည်း။ အဲသလို ပြုလုပ်ချင်တဲ့စိတ်တွေဖြစ်လာရအောင် သူ့ကို ဘာတွေက ဆွဲဆောင်တွန်းပို့ခဲ့တာလည်း။ စိတ်ဝင်စားဖို့လည်းကောင်း စဉ်းစားဖို့လည်း ကောင်းပါတယ်။

ကဲ…၊ ဒီတစ်ပတ်တော့ ဒီမျှနဲ့ ကျွန်တော်တို့ ခဏရပ်ထားလိုက်ကြရအောင်။ နောက်တစ်ပတ်ကြရင်တော့ ဒီဆောင်းပါးကို ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့။

လူငယ်တို့ရဲ့ မိုးကောင်းကင် ကြည်လင်ဖြူစင်နိုင်ကြပါစေဗျား။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly