ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူ ရိုက်နှိပ်ရေးအဆို ၁၀၉ မဲ ကန့်ကွက်ခံရသော်လည်း အတည်ပြုနိုင်ခဲ့

ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူ ရိုက်နှိပ်ရေးအဆို ၁၀၉ မဲ ကန့်ကွက်ခံရသော်လည်း အတည်ပြုနိုင်ခဲ့

နေပြည်တော်(နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၇ခုနှစ်)။       ။ ထပ်မံရိုက်နှိပ်ဖို့ ရှိလာမယ့် မြန်မာငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့သာ ထုတ်ဝေဖို့ အဆိုကို အတည်ပြုသင့်၊ မသင့် သဘောထားရယူစဉ်မှာ အဆို အတည်မပြုသင့်ဘူးဆိုပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်ခံရပါတယ်။

တပ်မတော်သားအမတ် ၁၀၈ ဦးနဲ့ ရွေးကောက်ခံအမတ်တစ်ဦးဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့်က အဆိုကို အတည်မပြုသင့်ကြောင်း လွှတ်တော်မှာ မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက် လွှတ်တော်အစည်းအဝေးတုန်းက မြိုင်မဲဆန္ဒနယ်က NLD အမတ် ဦးအောင်ခင်ဝင်းက ရှေ့အနာဂတ်မှာ ရိုက်နှိပ်ထုတ်ဝေဖို့ ရှိလာမယ့် ငွေစက္ကူတွေကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေနဲ့သာ ရိုက်နှိပ်ထုတ်ဝေဖို့ အစိုးရကို တိုက်တွန်းတဲ့အဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်ခင်ဝင်းအရဲ့ အဆိုနဲ့ပတ်သက်ပြီး ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ NLD အမတ် ၈ဦးနဲ့ တပ်မတော်သားအမတ် ၁ဦး၊ စုစုပေါင်း ၉ဦးက ဝိုင်းဝန်းဆွေးနွေးကြရာမှာတော့ NLD အမတ်တွေက အဆိုအတည်ပြုဖို့ ထောက်ခံဆွေးနွေးကြပေမယ့် တပ်မတော်သားအမတ် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင်က အဆိုကို အတည်မပြုသင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့ပါတယ်။

“အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊ ရုပ်ထုများကို နိုင်ငံသူ၊ နိုင်ငံသားများက အမြတ်တနိုးတန်ဖိုးထား ဂုဏ်ပြုနေမှုကြောင့် သပ်ရပ်တင့်တယ်ပြီး လေးစားကြည်ညိုဖွယ်   ဖြစ်သော်လည်း ငွေစက္ကူတွင် ရိုက်နှိပ်ဖော်ပြထားသည့် ဗိုလ်ချုပ်ပုံများကတော့ ကိုင်တွယ်ရာတွင် စနစ်ကျမှု မရှိခြင်း၊ ထားသိုမှု၊ သယ်ဆောင်မှုများတွင် အလေးထားမှု မရှိခြင်းကြောင့် ဟောင်းနွမ်းမှေးမှိန်ပြီး စုတ်ပြဲနေတာကို စိတ်မကောင်းစွာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်” လို့ ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင်က လွှတ်တော်မှာ ပြောပါတယ်။

အဆိုတင်သွင်းသူ ဦးအောင်ခင်ဝင်းက ဒီအဆိုရဲ့ အဓိပ္ပာယ်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူတွေကို အသစ်ရိုက်နှိပ်ပြီး လက်ရှိသုံးနေတဲ့ ငွေစက္ကူတွေနဲ့ အစားထိုးဖို့ မဟုတ်ဘဲ လက်ရှိသုံးနေတဲ့ ငွေစက္ကူတွေ ကိုလည်း သုံးစွဲနိုင်မှာဖြစ်တယ်လို့ အဆို တင်သွင်းစဉ်ကတည်းက ပြောထားပါတယ်။

“ငွေစက္ကူဆိုတာ လူတိုင်းရဲ့ လက်ထဲမှာ ကိုင်တွယ်သုံးစွဲနေတာဖြစ်လို့ နှစ်ကြာရှည် သုံးစွဲလာတဲ့အခါမှာ ဟောင်းနွမ်းခြင်း၊ စုတ်ပြဲခြင်း၊ ရေနစ်လို့ ပျက်စီးခြင်း၊ မီးလောင်လို့ ပြာဖြစ်ခြင်း စသည့် ပျက်စီးခြင်း အမျိုးမျိုး ကြောင့် လျော့နည်းသွားမှုရှိလာမှာကတောာ့ သေချာပါတယ်။ အဲ့ဒီလို ပျက်စီးလို့ လျော့နည်းသွားမှုများကို အစားထိုးတဲ့အခါဖြစ်စေ၊ လုံခြံုရေးအဆင့်အတန်း တိုးမြှင့်ထုတ်ဝေသောအခါဖြစ်စေ၊ အရွယ်အစားအသစ်နဲ့ ထုတ်ဝေသောအခါဖြစ်စေ၊ ရှေ့အနာဂတ်တွင် ထုတ်ဝေမည့်အခါတိုင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများနဲ့ ထုတ်ဝေသွားဖို့ ဖြစ်ပါတယ်” လို့ အဆိုရှင်က ပြောပါတယ်။

ဒီအဆိုကို တင်သွင်းရတာဟာ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားလွန်းတာကြောင့် အမျိုးသားရေးတာဝန်တစ်ရပ် ထမ်းဆောင်တဲ့အနေနဲ့ အဆိုတင်ရတာဖြစ်တယ်လို့လည်း ဦးအောင်ခင်ဝင်းက မဇ္ဈိမရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

နိုင်ငံ့စီးပွားရေး တိုးတက်မှု နှေးကွေးနေချိန်မှာ မဆောင်ရွက်သင့်သေးသလို လွှတ်တော်အတွင်းမှာ ဆွေးနွေးအတည်ပြုရုံဖြင့် မပြီးဘဲ အမွေဆက်ခံပိုင်ခွင့် ရှိသူများရဲ့ သဘောဆန္ဒဟာလည်း အရေးကြီးတဲ့ တစ်ချက်ဖြစ်ကြောင်းလည်း တပ်မတော်သားအမတ်က ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဌ ဦးစိုးမင်းကတော့ ရှေ့အနာဂတ်မှာ ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများအပေါ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများနဲ့ ရိုက်နှိပ်၊ ထုတ်ဝေရန်ဆိုတာဟာ တစ်ကယ်တမ်းတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ သဘောထားနဲ့လည်း တစ်ထပ်တည်းဖြစ်တာကြောင့် အဆိုကို အတည်ပြုဖို့ သဘောတူခဲ့ပါတယ်။

“အပြစ်မဲ့ အဆိုလည်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ၊ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ထောက်ခံ တင်ပြပါတယ်” လို့ ဦးစိုးမင်းက ပြောပါတယ်။

ဒီလိုနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ရဲ့ သဘောထားကို တောင်းခံရာမှာတော့ ၁၀၉ဦးက မတ်တပ်ရပ်ကန့်ကွက်ခဲ့ပြီး ထိုင်နေတဲ့အမတ် ၂၈၆ဦးထဲမှာ ကြားနေသူလည်း မရှိတဲ့အတွက် ထောက်ခံသူများတာကြောင့် အဆိုကို အတည်ပြုတယ်လို့ ကြေညာခဲ့ပါတယ်။

အဆို အတည်ဖြစ်သွားတာကြောင့် ထပ်မံရိုက်နှိပ်ဖို့ ရှိလာမယ့် ငွေစက္ကူတွေကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေတော့မှာဖြစ်ပြီး လက်ရှိ သုံးစွဲနေတဲ့ ပုံစံအမျိုးမျိုးသော ငွေစက္ကူတွေဟာလည်း ဆက်လက် သုံးစွဲခွင့် ရှိနေမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly