တက်သစ်စအဆိုတော်ကြယ်ပွင့် Lil Peep ဆေးလွန်မှုကြောင့် အသက် ၂၁နှစ်အရွယ်၌ကွယ်လွန်

တက်သစ်စအဆိုတော်ကြယ်ပွင့် Lil Peep ဆေးလွန်မှုကြောင့် အသက် ၂၁နှစ်အရွယ်၌ကွယ်လွန်

 

Emo နှင့် Hip Hop ဂီတတို့ကိုရောနှောသီဆိုပြီး လူသိများလာသည့် အသက် ၂၁နှစ်အရွယ်ရှိ တက်သစ်စ ရက်ပ်အဆိုတော်ကြယ်ပွင့် Lil Peep သည် ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် အမေရိကန်နိုင်ငံ အရီဇိုးနားပြည် နယ် တူဆွန်မြို့၌ ဗုဒ္ဓဟူးနေ့ညက ကွယ်လွန်သွားခဲ့သည်။

ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သူ့ကိုဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သူ၏ဂီတမန်နေဂျာ အဒမ်ဂရမ်းမေဆွန် က The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။

Lil Peep သည် ဗုဒ္ဓဟူးနေ့ညက မသေဆုံးမီအချိန်တွင် အင်စတာဂရမ်၌ သူသည် Xanax ဆေးအမျိုးအစား ၆ခု ကို သုံးစွဲခဲ့ကြောင်းနှင့် “ကျုပ်သေတဲ့အချိန်ကျမှ ခင်ဗျားတို့ကျုပ်ကိုချစ်နေလိမ့်မယ်” ဟု ရေးသားကာ ဓာတ်ပုံ တစ်ပုံတင်ခဲ့သည်။

Lil Peep နှင့် ၂၀၁၆ ခုနှစ်ကတည်းက အလုပ်အတူတွဲလုပ်ခဲ့သည့် First Access Entertainment ကုမ္ပဏီ၏ စီအီးအိုဖြစ်သော ဆာရာစတက်နက်က သူသေဆုံးမှုနှင့်ပက်သက်၍ “ ကျွန်မထိတ်လန့်မိသလို စိတ်မကောင်း လည်းဖြစ်ရပါတယ်။ Peep ဟာ သေချင်နေမယ်လို့တော့ ကျွန်မမထင်ပါဘူး။ ဒါဟာအရမ်းဝမ်းနည်းဖို့ကောင်းပါ တယ်။ သူ့မှာ ကြီးမားတဲ့ရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေ အနာဂတ်တွေရှိပါတယ်။ဒါကိုလည်း သူဟာ သူ့ရဲ့အဖွဲ့၊ မိသားစု၊ မိတ်ဆွေတွေနဲ့ ကျွန်မနဲ့အတူ မျှဝေခဲ့ဖူးပါတယ်။ သူဟာအောင်မြင်မယ့်လမ်းကြောင်းကို   လျှောက်လှမ်းရတော့မယ်သူပါ” ဟု ပြောဆိုခဲ့သည်။

အမည်ရင်း Gustav Ahr ဟုခေါ်သော ရက်ပ်အဆိုတော် Lil Peep သည် သူ၏အဆိုတော်ဘဝကို Youtube ပေါ်၌ သီချင်းများထုတ်လွှင့်ရာမှစတင်ကာ လူသိများလာခဲ့သူဖြစ်သည်။ သူ၏ ပထမဦးဆုံး အယ်လ်ဘမ် “Come Over When You’re Sober, Pt. 1” ကို လွန်ခဲ့သောသြဂုတ်လက ဖြန့်ချီခဲ့သည်။ သူ၏နောက်ဆုံးထွက်ရှိထားခဲ့ သော သီချင်းမှာ လွန်ခဲ့သောလကဖြန့်ချီခဲ့သည့် Avoid ဆိုသောသီချင်းဖြစ်သည်။

Lil Peep သေဆုံးမှုနှင့်ပက်သက်၍ နာမည်ကျော်အဆိုတော်များနှင့် အနုပညာရှင်များက သူ့အားဝိုင်းဝန်း၍ ရည်စူးဂုဏ်ပြုခဲ့ကြသည်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly