ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု မြန်မာ့အာမခံမှ ကျပ် သန်း ၆၉၂ သန်း ပေးလျော်

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု မြန်မာ့အာမခံမှ ကျပ် သန်း ၆၉၂ သန်း ပေးလျော်

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ။          ။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအတွက် မီးအာမခံ လျော်ကြေးငွေ ကျပ်သန်း ၆၉၂ ကို မြန်မာ့အာမခံ မှ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပေးလျော်ခဲ့သည်။

"ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ဟာ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၄) ရဲ့ ချေးငွေနဲ့ မြန်မာ့အာမခံလုပ်ငန်းမှာ ၂၃.၇.၂၀၁၂ခုနှစ်ထဲက အာမခံထားခဲ့တာဖြစ်ပါတယ်။ ပင်မအဆောက်အအုံက မီးအာမခံ ၈၅၅ သန်း ထားတယ်၊ မီးလောင်ကျွမ်းတဲ့အခါမှာ ပင်မအဆောက်အအုံက မီးလုံးဝ လောင်ကျွမ်းသွားတာ ဖြစ်တယ်" ဟု မြန်မာ့အာမခံမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ဆိုသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ၀ါယာရှော့ခ် ဖြစ်ခြင်းကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဟိုတယ် မီးလောင်မှုဖြစ်စဉ်တွင် ကျပ်သန်း သုံးသောင်းကျော် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ ပြောဆိုထားသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် မြန်မာ့အာမခံလုပ်ငန်းတွင် ကျပ် ၈၅၅ သန်းနှင့် အောင်သစ္စာဦး အာမခံ လုပ်ငန်းတွင် ကျပ် သန်း ၅၀၀ ကျော် အာမခံထားခြင်းလည်း ဖြစ်ပြီး အောင်သစ္စာဦးတွင် အာမခံထားသည့် အားကစားခန်းမမှာ ပျက်စီးမှုမရှိသောကြောင့် လျှော်ကြေးပေးရန် မလိုတော့ကြောင်း လွန်ခဲ့သည့်ရက်ပိုင်းက ဟိုတယ်ဘက်မှ အကြောင်းကြားစာပေးပို့ထားသည်။

ဟိုတယ် အခန်း ၁၈၀ အနက် ၉၀ ကျော်မီးလောင်ဆုံးရှုံးခဲ့သည့် ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်မှုတွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသူဟု ယူဆရသူတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်များကြောင့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မန်နေဂျာ ဦးသီဟအား အမှု ၃ ခုဖြင့် တရားစွဲဆိုထား ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို အကြီးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတေဇက ထိုင်းနိုင်ငံ Baiyoke Group of Hotels ထံမှ အမေရိကန်ဒေါ်လာ ၂၉ သန်းဖြင့် ၂၀၁၀ ခုနှစ်က ၀ယ်ယူထားခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required