ရန်ကုန်ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦပေါင်း ၄၀ ခန့်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ

ရန်ကုန်ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦပေါင်း ၄၀ ခန့်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ

နိုဝင်ဘာ ၁၇ ။          ။ ရန်ကုန်မြို့မှာ ရှိတဲ့ သမိုင်းဝင် အမွေအနှစ် အဆောက်အအုံပေါင်း ၁၁၀ အနက် ၄၀ ၀န်းကျင်ခန့်ဟာ လက်ရှိ အချိန်မှာ အရေးပေါ် ပြင်ဆင်မှု၊ အသစ် ပြန်လည်   ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဖို့ လိုအပ်နေလျက်ရှိကြောင်း "Architectural Guide Yangon" ကို ရေးသားတဲ့ စာရေးဆရာသုံးဦးအနက် တစ်ဦးဖြစ်တဲ့ Benjamin Bansal က ပြောကြားလိုက်ပါတယ်။

"Architectural Guide Yangon" ရဲ့ ဒုတိယအကြိမ် ထုတ်ဝေမှုနဲ့ ယင်းရဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ www.yangongui.de ထူထောင်ခြင်း အခမ်းအနားမှာ Bansal က ပြောကြားရာမှာတော့ လက်ရှိမြန်မာအစိုးရ မှာ သမိုင်းဝင်အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် တာဝန်ရှိပြီး ယင်းကိစ္စအတွက် လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"Architectural Guide Yangon" ကို ဖတ်ရှုသူတွေလက်ထဲ တတ်နိုင်သမျှ များများ ရောက်ရှိသွားနိုင်ဖို့အတွက် ယခုလို ၀က်ဘ်ဆိုက် လွှင့်ထူရတာဖြစ်ကြောင်း၊ ၎င်းရဲ့ co-authors တွေဖြစ်ကြတဲ့ Elliot Fox ၊ Manuel Oka နဲ့အတူ ထုတ်ဝေသူ DOM တို့အားလုံးကလည်း ယင်းအတွက် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း Bansal က ပြောပါတယ်။

ယခုလို ၀က်ဘ်ဆိုက် ထူထောင်မှုနဲ့အတူ သမိုင်းဝင်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ ဦးစားပေး သတ်မှတ်ချက်တွေ၊ မဟာဗျူဟာတွေနဲ့ပတ်သက်လို့လည်း အပြန်အလှန် ဆွေးနွေးမှုတွေ ပိုမို ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပြီး အန္တရာယ်ရှိနေတဲ့ အဆောက်အအုံတွေနဲ့ပတ်သက်လို့ စိုးရိမ် ပူပန်မှုတွေ ရှိနေမှုနဲ့ပတ်သက်လို့ တစ်ချို့က မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

" အစိုးရရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်သဘောထားတွေအပေါ် ခေတ်မီတိုးတက်ဖွံ့ဖြိုးရေး လေလုံးတွေ လွှမ်းမိုးနေသမျှ ကာလပတ်လုံး သမိုင်းဝင်အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းမှာတော့ ကြီးမားတဲ့ အခက်အခဲတွေ ကြံုတွေ့နေရဦးမှာဖြစ်ပါတယ်" လို့ Cologne University က ပါမောက္ခ Frauke Kraas က ဆိုပါတယ်။

ဒါ့အပြင် အန္တရာယ်ရှိ အဆောက်အဦတွေအပေါ် စိုးရိမ်ပူပန်နေရတာနဲ့ပတ်သက်လို့ သူမက မေးခွန်းထုတ်ခဲ့ပြီး ယင်းဟာ တစ်ခါတစ်ရံမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင်ကြီးလိုမျိုး အကျိုးအမြတ် ရှာမယ့်လူတွေဆီ အခွင့်အလမ်း တွေ အပ်နှံပေးသလို ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ဘာလို့ခုလိုဖြစ်နေတာလဲ ဆိုတော့ ၎င်းအိမ်ခြံမြေ လုပ်ငန်းရှင်တွေက အဆိုပါ အမွေအနှစ်အဆောက်အအုံတွေနေရာမှာ ၎င်းတို့ရဲ့ လုပ်ငန်းအဆောက်အဦ တွေကို ပြောင်းလဲဖန်တီးချင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဘယ်အဆောက်အအုံတွေကို အားချင်း ပြုပြင်ထိန်းသိမ်းရမယ်၊ ဘာဟာတွေကိုတော့ လက်တလော ခဏ ချန်ထားရမယ်ဆိုတာနဲ့ပတ်သက်လို့ အစိုးရဘက်က အထူးဦးစားပေးလုပ်ဆောင်ရမှာ ဖြစ်ကြောင်း Yangon Heritage Trust ရဲ့ ဒါရိုက်တာ ဒေါ် မိုးမိုးလွင်က ပြောပါတယ်။

" ကျွန်မတို့နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံပါ၊ အမွေအနှစ် ထိန်းသိမ်းရေးပိုင်းကို လုပ်ဖို့က အမြဲတမ်း အရေးကြီးကိစ္စ တစ်ခုလို ဖြစ်နေပါတယ်၊ ဒါကြောင့် ဘယ်အဆောက်အအုံတွေကို အားချင်း ပြန်လည်ထိန်းသိမ်းသင့်နေပြီလဲ ဆိုတာ ကျွန်မတို့ ဆုံးဖြတ်ဖို့ လိုပါတယ်" လို့ ၎င်းက မဇျ္စိမက ပြောပါတယ်။

ယင်းအပြင် ရန်ကုန်အမွေအနှစ် မဟာဗျူဟာပိုင်းကိုလည်း ပြန်လည်မွမ်းမံပြင်ဆင်ဖို့ လိုအပ်နေကြောင်း၊ ရှိရင်းစွဲ အကြံပြုချက်တွေကို ပြင်ဆင်ရမှာဖြစ်ကြောင်း လည်း ၎င်းက ထပ်လောင်းပြောပါတယ်။

ရှေ့အမွေအနှစ်အဆောက်အဦးအများစုတည်ရှိတဲ့ ရန်ကုန် မြို့တွင်းအချက်အချာဒေသမှာ ရှိနေတဲ့ ဖိအားတွေ လျော့ပါးသက်သာစေဖို့အတွက် မြို့နားမှာ ကပ်လျက် အပြိုင်ရှိမယ့် မြို့သစ်တစ်ခုများ ထပ်တည်ဖို့လိုနေသလား မေးမြန်းတဲ့အခါမှာတော့ ယင်းလိုမျိုး မြို့မျိုး လက်တလောမှာ မလိုအပ်သေးပါကြောင်း သူမက ပြောပါတယ်။

" ရန်ကုန်က တစ်ဖြည်းဖြည်း  တိုးပြီး ပြန့်ကားလာနေပါပြီ၊ မြို့ ဆင်ခြေဖုံးရပ်ကွက်အသစ်တွေလည်း ပေါ်လာနေပါပြီ၊ ဒီလိုအခြေအနေက နောက်ထပ် လူဦးရေ ဖိအားကို ခံနိုင်ဖို့ လုံလောက်တယ်လို့ ယူဆရပါတယ်၊ ဒါကြောင့် ကပ်လျက် မြို့သစ်တစ်ခု မလိုအပ်သေးပါဘူးလို့ ယူဆနိုင်ပါတယ်" လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ရန်ကုန် အမွေအနှစ် စာရင်းမှာ  လူနေအဆောက်အအုံတစ်ချို့ကိုပါ ထည့်သွင်းသင့်ကြောင်း Verity Ramsden က အကြံပြုပြောကြားပါတယ်။ " ဒီလိုမှမဟုတ်ရင် ရန်ကုန်က တကယ် ရှေးဟောင်း အဆောက်အအုံ တစ်ချို့ကို အိမ်ခြံမြေလုပ်ငန်းရှင်တွေလက်ထဲ ဆုံးရှုံးလိုက်ရနိုင်ပါတယ်၊ သူတို့က အဲဒီရှေးဟောင်းအဆောက်အအုံတွေနေရာမှာ အထပ်မြင့်အဆောက်အဦးကြီးတွေ အဖြစ် ဖန်တီးပစ်လိုက်နိုင်ပါတယ်" လို့ ဆိုပါတယ်။

"Architectural Guide Yangon" ကို မြန်မာဗားရှင်းနဲ့ ထုတ်ဝေဖို့ လိုကြောင်း Goethe Institute က ဒါရိုက်တာ Franz Xavier Augustin က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly