အာဖဂန်နစ္စတန်၌ အသေခံဗုံးဖောက်ခွဲမှုကြောင့် ၁၅ဦးထက်မနည်းသေဆုံးပြီး ၁၈ဦးဒဏ်ရာရရှိ

အာဖဂန်နစ္စတန်၌ အသေခံဗုံးဖောက်ခွဲမှုကြောင့် ၁၅ဦးထက်မနည်းသေဆုံးပြီး ၁၈ဦးဒဏ်ရာရရှိ

 

ကာဘူးလ်၊ နိုဝင်ဘာ ၁၇ ။         ။ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့အနောက်မြောက်ပိုင်းရှိ ဟိုတယ်တစ်လုံးအပြင်ဘက်တွင် ကြာသာပတေး နေ့၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၁၅ဦးထက်မနည်းသေဆုံးပြီး ၁၈ဦးခန့်ဒဏ်ရာရရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

သေဆုံးခဲ့သူများထဲတွင် အဆိုပါအဆောက်အဦးကို လုံခြံုရေးပေးနေသော ရဲအရာရှိ ၈ဦးခန့်ပါ၀င်ခဲ့ပြီး အခြား သေဆုံးသူများမှာ ဗုံးခွဲသူတစ်ဦးနှင့် အရပ်သား ၆ ဦးဖြစ်ကြောင်းသိရသည်။ ဒါ့အပြင် ဒဏ်ရာရရှိသူများမှာ ရဲအရာရှိ ရ ဦးနှင့် အရပ်သား ၁၁ ဦးတို့ဖြစ်ကြသည်။

“ဗုံးခွဲတိုက်ခိုက်သူဟာ ဟိုတယ်ထဲကိုဝင်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဟော်တယ်ကိုလုံခြံုရေးပေးနေတဲ့ ရဲအရာရှိတွေက သူ့ကိုစစ်ဆေးခဲ့ချိန်မှာ သူဟာဟိုတယ်အရှေ့မှာ သူ့ကိုယ်ပေါ်မှာ ပါလာတဲ့ ဖောက်ခွဲရေးပစ္စည်း တွေကို ဖောက်ခွဲပစ်ခဲ့ပါတယ်” ဟု ကာဘူးလ်ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့် ဘာဆာမူဂျာဟစ်ကပြောခဲ့ပြီး ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နေ့လည် ၁နာရီခန့်တွင်   ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် ဘယ်လစ်ခ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စစ်ခေါင်းဆောင်တစ်ဦးဖြစ်သော အက်တာမိုဟာ မက်နောကို ထောက်ခံသူများက ဟိုတယ်အတွင်းထဲ၌   နိုင်ငံရေးအရစုစည်းမှုပြုလုပ်နေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

အာဖဂန်နစ္စတန်နိုင်ငံအုပ်ချုပ်မှုကဏ္ဍ၏ အကြီးအကဲဖြစ်သူ အက်ဘ်ဒူလာက အဆိုပါအကြမ်းဖက်တိုက်ခိုက်မှု သည် သူရဲဘောကြောင်သောလုပ်ရပ်ဖြစ်ပြီး အဆိုပါလုပ်ရပ်များသည်   ပြည်သူများ၏ လွတ်လပ်ရေးကို မဖန်တီး နိုင်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့က အဆိုပါတိုက်ခိုက်မှုသည် ၄င်းတို့၏ လုပ်ရပ်ဖြစ်ကြောင်း အာမက်သတင်းအေဂျင်စီမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required